၅. ၁. ၂၀၂၄
Written by Nyein Kyaw
တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ယမန်နေ့တွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် မိန့်ခွန်းပြောကြားပြီး ဂုဏ်ထူးဆောင်ဆုတံဆိပ်များကို ချီးမြှင့်အပ်နှင်းပေးခဲ့သည်။
ယခု အခမ်းအနားတွင် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ ၃၄ ဦးကို ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး ကျန်စွမ်းရည်သတ္တိဆိုင်ရာတံဆိပ်နှင့် လက်မှတ်ရရှိသူများကိုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အသီးသီးတွင် တစ်ချိန်တည်းတစ်ပြိုင်တည်း ချီးမြှင့်အပ်နှင်းသွားမည်ဖြစ်ကြောင်း၊ အများတကာ လုပ်ဆောင်နိုင်ရန် ခဲယဉ်းသည့်တာဝန်များကို ရင်ဆိုင်ကြုံတွေ့လာချိန်တွင် စွန့်လွှတ် စွန့်စားမှုအပြည့်ဖြင့် စွမ်းဆောင်ခဲ့သူများပင်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
နိုင်ငံနှင့်လူမျိုးအတွက် မည်သည့်အခက်အခဲကိုမျှ အမှုမထားဘဲ အသက်ခန္ဓာကိုစွန့်လွှတ်နိုင်သည်အထိ ကြံ့ခိုင်သည့်စိတ်ဓာတ်၊ ပြောင်မြောက်သည့် သူရသတ္တိများဖြင့် ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့ စစ်သားကောင်းတစ်ယောက်တွင်ရှိအပ်သည့် ခိုင်မာသည့် သန္နိဋ္ဌာန်စိတ်ဓာတ်များဖြင့် တာဝန်ထမ်းဆောင်မှုများအတွက် အထူးပင်ဂုဏ်ယူမိသကဲ့သို့ ဆုတံဆိပ်များ ချီးမြှင့်ခြင်းမခံရသော်လည်း တက်ညီလက်ညီ စွမ်းဆောင်ခဲ့ကြသူအားလုံးကို မှတ်တမ်းတင်ဂုဏ်ပြုကြောင်းကို ပြောကြားလိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
SAC ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ ဗိုလ်မှူးချုပ် ၄ ဦး၊ ဗိုလ်မှူးကြီး ၂ ဦး၊ ဒုတိယဗိုလ်မှူးကြီး ၈ ဦး၊ ဗိုလ်မှူး ၉ ဦး၊ ဗိုလ်ကြီး ၄ ဦး၊ အရာခံဗိုလ် ၁ ဦး၊ တပ်ကြပ်ကြီး ၁ ဦး၊ တပ်ကြပ် ၃ ဦး၊ ဒုတိယတပ်ကြပ် ၂ ဦး တို့အား ဆုတံဆိပ်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် SAC ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ရရှိခဲ့သည့် အရာရှိ၊ စစ်သည်များ၊ အမွေခံများနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြပြီးနောက် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ခံရသူများကို လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့သလို ပြည်သူဆက်ဆံရေး နှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့က တေးသီချင်းများဖြင့် ဂုဏ်ပြုဖျော်ဖြေခဲ့ကြသည်။