၅. ၁. ၂၀၂၄
Written by Nyein Kyaw
၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ ဥပစာမြက်ခင်းပြင်၌ ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ခဲ့သည်။
SAC ဥက္ကဋ္ဌနှင့် ဇနီးဒေါ်ကြူကြူလှတို့သည် ဂုဏ်ပြုဆောင်ခန်းမ ဥပစာမြက်ခင်းပြင်သို့ ရောက်ရှိကြပြီး SAC ဒုတိယဥက္ကဋ္ဌနှင့် ဇနီးတို့နှင့်အတူ ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးတာဝန်ခံများ၊ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်များနှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ထို့နောက် SAC ဥက္ကဋ္ဌနှင့် ဇနီးဒေါ်ကြူကြူလှတို့သည် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မီးရှူးမီးပန်းများ ပစ်ဖောက်မှုကို ကြည့်ရှုအားပေးကြပြီး ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြသူများနှင့်အတူ ညစာကိုအတူတကွ သုံးဆောင်ခဲ့ကြသည်။
ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အနုပညာရှင်များနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှအနုပညာရှင်များက တေးသံသာများဖြင့် သီဆိုတီမှုတ်ဖျော်ဖြေခဲ့ကြသည်။ ယင်းနောက် SAC ဥက္ကဋ္ဌနှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် ဂုဏ်ပြုဆောင်ခန်းမ၌ ပြုလုပ်သည့် ပဒေသကပွဲကို ကြည့်ရှုအားပေးခဲ့ကြသည်။
ပဒေသာကပွဲအပြီးတွင် SAC ဥက္ကဋ္ဌနှင့် ဇနီးတို့သည် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာ၊ အနုပညာ ဦးစီးဌာနတို့မှ တေးသံရှင်များနှင့် အနုပညာရှင်များကို ဂုဏ်ပြုပန်းခြင်းပေးအပ်ပြီး ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။