MT News
၄.၁. ၂၀၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၃၆၅ ဘီလျံတန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၉၁ ကီလို ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၁ ရက်နေ့ ညနေ ၆ နာရီအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စု၊ ကျိုင်းဖောင်းကျေးရွာ အနီးတွင် မိုင်းပျဉ်းမှ ကျိုင်းတုံဘက်သို့ စိုင်းခမ်းခုံး(ခ)အိုက်ခုံး(၄၁)နှစ်၊ (ဘ)ဦးစိုင်းဆန်ဝုန်း၊ ကွန်ဟိန်းမြို့နယ်နေသူ မောင်းနှင်ပြီး ကြာဦး(၄၂)နှစ်၊ (ဘ)ဦးဟန်သောင်း၊ ရပ်စောက်မြို့နယ်နေသူ လိုက်ပါလာသည့် HINO ၁၂ ဘီး မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၃၆၅ ဘီလျံတန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၂၆၀ တုံး၊ အလေးချိန် ၉၁ ကီလို သိမ်းဆည်းရမိခဲ့သည်။
ဖမ်းမိတရားခံများကို စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူများအား ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်မှ မြန်မာ – ထိုင်းနယ်စပ်၊ တာချီလိတ်မြို့နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။