၄.၁.၂၀၂၅
Written By Thandar
တိုင်းလုံးကျော်သင်္ဘော နစ်မြုပ်ခဲ့စဉ်က သေဆုံးခဲ့ကြသူတွေကို ရည်စူးပြီး ကုသိုလ်ပြု အမျှအတန်းပေးဝေ
ကုသိုလ်ပြုလှူဒါန်းပွဲ အခမ်းအနားကို ယနေ့ ဇန်နဝါရီ ၄ ရက် ညနေပိုင်းက ရန်ကုန်မြို့ သာကေတမြို့နယ် ၄/တောင်ရပ်ကွက် ရှုခင်းသာမြို့ပတ်လမ်းရှိ မေတ္တာရောင်ခြည်တပ်ဦးကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။
“လွန်ခဲ့တဲ့ ၃၈ နှစ်ကျော်က တိုင်းလုံးကျော်သင်္ဘောမှောက်နစ်မြုပ်ခဲ့စဥ် ရဟန်းပြည်သူတွေရော ဒီတိုင်းလုံးချမ်းသာအောင်ထိပ်တင် လွမ်းစေတီတော်မြတ်ကြီးအတွင်း အပြင်တို့မှာ နေထိုင်ကြသူတွေ၊ ပြိတ္တာ၊ ၃၁ ဘုံကျင်လည်ကုန်တဲ့ ဝေနေယ သုခိတ ဒုက္ခိတအားလုံးကို ကျွန်တော်တို့က အမျှအတန်းပေးဝေတဲ့ ပွဲပါ။ နောက် ဒီနားမှာ ကားမှောက်တာတွေလည်း ရှိခဲ့တာမို့ သူတို့ရော ကျောင်းထိုင်ဆရာတော်နဲ့ တိုင်ပင်ပြီးတော့ သူတို့ နေ့နာမ်၊သေတဲ့ ခုနှစ်တွေတိုင်တည်ပြီးမှ ဒီလွတ်လပ်ရေးနေ့မှာ လွတ်လပ်စွာ ဘဝတွေပျံသန်းနိုင်ဖို့အတွက် အမျှအတန်းပေးဝေကြတာပါ”လို့ ဦးဆောင်ပြုလုပ်သူ ဦးဇော်မင်းက MT Entertainment ကို ပြောပါတယ်။
ဒီအခမ်းအနားမှာတော့ ပရဟိတ ကိုထွန်းမင်းကလည်း တစ်ဖက်တစ်လမ်းက ပါဝင်ကူညီခဲ့ပြီးတော့ Tun Min Donation အိတ်တွေကိုလည်း ပေးဝေလှူဒါန်းခဲ့ပြီး တရားတော်နာယူခဲ့ပါတယ်။
တိုင်းလုံးချမ်းသာအောင်ထိပ်တင် လွမ်းစေတီတော်မြတ်ကြီးမှာ လွန်ခဲ့တဲ့ ၃၈ နှစ်က ဘဝတစ်ပါးသို့ကူးပြောင်းကွယ်လွန်သွားသူတွေ ရည်စူးပြီးတော့ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဇောတိပါလက နမောတဿသုံးကြိမ်ရွတ်ဆိုကာ တရားတော်တွေ နာကြားပြီး နာမည်တွေတပ်ခေါ်ဖိတ်ကြားခဲ့ပါတယ်။
ဖိတ်ကြားထားသူတွေမြင့်မြတ်သောဘုံဗိမာန်သို့ ရောက်ပါစေခြင်းအကျိုးငှာ ကုသိုလ်ပြု အမျှအတန်း ပေးဝေ
ရေစက်သွန်းချခဲ့ကြတာလည်း ဖြစ်ပါတယ်။