၄ .၁. ၂၀၂၅
Written by Hey Mar
ပလုံကောက်တဲ့ အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်ကိုယာဉ်တိုက်ပြေးလို့ သေဆုံးခဲ့တဲ့ဖြစ်စဉ် ဒီနေ့ ဇန်နဝါရီ ၄ ရက် မနက် ၇ နာရီခန့်က ထောက်ကြန့်မြို့၊ ပဲခူးလမ်းမပေါ် ၊ ဇိနမာန်အောင်ဘုန်းကြီးကျောင်းအနီးမှာ ဖြစ်ပွားခဲ့ကာ အတိုက်ခံရသူမိန်းကလေးငယ် နေရာတင်သေဆုံးခဲ့တယ်လို့ မြေပြင်အကူအညီ သွားရောက်ခဲ့တဲ့ ပုလဲအရန်မီးသတ်တပ်ဖွဲ့ ထံကနေ သိရပါတယ်။
အဆိုပါ မိန်းကလေးငယ်မှာ လမ်းဖြတ်ကူးစဉ် ယာဉ်တိုက်မိတာဖြစ်ပြီး တိုက်မိတဲ့ယာဉ်ကိုလည်း ပတ်ဝန်းကျင်က မျက်မြင်သတိထားမိသူ မရှိလိုက်ဘူးလို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့က သွားရောက်ကူညီစဉ် ကြုံတွေ့သိမြင်ရတဲ့ အခြေအနေကို ပြောပြပါတယ်။
“ကျွန်တော်တို့ဆီကို သက်ဆိုင်ရာက မနက် ၈ နာရီလောက်မှာ ဆက်သွယ်လာပြီး ရုပ်အလောင်းလာရောက်သယ်ပေးဖို့ ပြောတာပေါ့။ ကလေးအလောင်းသယ်တော့ ကလေး မိဘလိုက်လာပါတယ်။ တိုက်မိတဲ့ကားက ပြေးသွားတယ်။ ကလေးကတော့ ဦးခေါင်းပြင်းထန်ထိခိုက်မိတဲ့ ဒဏ်ရာနဲ့ ဆုံးတာပါ”လို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့က MT News ကို ပြောပါတယ် ။
ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့တဲ့ မိန်းကလေးငယ်ရဲ့ရုပ်အလောင်းကို အင်းစိန်ဆေးရုံဆီ ပို့ဆောင်ကူညီခဲ့ရာ ဆေးရုံက PR 17 နဲ့ လက်ခံထားရှိကြောင်း သိရှိရပါတယ်။