4. 1. 2025/ Nay Moe
NUG ဩဇာခံ PDF များနှင့် ပသုံးလုံး လက်နက်ကိုင်များ ကြီးစိုးထိန်းချုပ်ထားသည့် ကောလင်းမြို့နယ် ရွှေတွင်းရွာအနီးတွင် NUG ၏ ကောလင်းမြို့နယ်၊ သယံဇာတစီမံအုပ်ချုပ်မှု မြို့နယ်အဖွဲ့ အတွင်းရေးမှူး အသတ်ခံရမှု ကျူးလွန်သူများအရေးယူရန်ကြိုးပမ်းမည်ဟု NUG သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သည်။
ဖြစ်စဥ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်၊ သယံဇာတစီမံအုပ်ချုပ်မှု မြို့နယ်အဖွဲ့ အတွင်းရေးမှူး ဦးအရိန္ဒမာသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂) ရက်နေ့ (၁၄:၀၀) နာရီခန့်အချိန်တွင် ကောလင်းမြို့နယ်၊ ရွှေတွင်းကျေးရွာနှင့် ရှမ်းကလုံးကျေးရွာအစပ် ရွှေတွင်းကျေးရွာမှ (၂) ဖာလုံခန့် အကွာတွင် မတရားသဖြင့် လုပ်ကြံခံခဲ့ရသည်။ ကောလင်းမြို့နယ် သယံဇာတစီမံအုပ်ချုပ်မှု မြို့နယ်အဖွဲ့ အတွင်းရေးမှူး ဦးအရိန္ဒမာ ကျဆုံးခဲ့ရသည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် တန်ဖိုးမဖြတ်နိုင်သည့် ပြည်သူ့ဝန်ထမ်းကောင်းတစ်ဦးကို ဆုံးရှုံးရပြီး ကျန်ရစ်သူမိသားစုနှင့်ထပ်တူ လွန်စွာကြေကွဲဝမ်းနည်းရသည်ဟု ဆိုသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဝန်ကြီးဌာနသည် သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးနှင့် ပူးပေါင်း၍ ဖြစ်စဉ်အမှုမှန်ပေါ်ပေါက်စေရန်နှင့် အမိန့်ပေးစေခိုင်းသူများ၊ ကျူးလွန်သူများ အားလုံးကို ဖော်ထုတ်၍ တရားမျှတမှုရရှိရန်အတွက် တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိကြောင်းနှင့် အမှန်တရားဘက်မှ ရပ်တည်ပြီး တိုင်းပြည်ကောင်းကျိုး၊ ဒေသကောင်းကျိုးအတွက် ကိုယ်ကျိုးမဖက်ဘဲ တိကျသေချာမှု၊ စနစ်ကျမှု၊ အဂတိကင်းမှု အစရှိသည့် တန်ဖိုးများစွာဖြင့် ဆောင်ရွက်နေသူ သယံဇာတစီမံအုပ်ချုပ်မှု မြို့နယ်အဖွဲ့ အတွင်းရေးမှူး ဦးအရိန္ဒမာအား ယခုကဲ့သို့ တရားလက်လွတ် လုပ်ကြံခံရမှုအတွက် မည်သည့်လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်/ တစ်စုတစ်ဖွဲ့ကဖြစ်စေ ကျူးလွန်ခြင်းကို ကန့်ကွက်ရှုတ်ချပြီး ထိရောက်စွာ အရေးယူအပြစ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
NUG ၏ ပသုံးလုံးများကြီးစိုးနယ်မြေတွင် ပသုံးလုံး၏ လူသတ်၊ လုယက်၊ မုဒိမ်း၊ သစ်မှောင်ခို၊ မူးယစ်ဆေးသုံးစွဲဖြန့်ဖြူးမှုနှင့် လက်နက်ကိုင်သောင်းကျန်းမှုတားမြစ်သူများ သတ်ဖြတ်ခံရမှု ၈ ဦးထက်မနည်းရှိနေပြီး တစ်ဦးမှလည်း တရားခံမပေါ်ခဲ့ချေ။