MT News
၄. ၁. ၂၀၂၅
SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကျန်းမာ၊ ပျော်ရွှင်၍ အောင်မြင်မှုများရရှိပါစေကြောင်းနှင့် မြန်မာပြည်သူများ ငြိမ်းချမ်းသာယာဝပြောပါစေကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ဆုမွန်ကောင်းတောင်းပေးခဲ့သည်ဟု သိရသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ကမ္ဘာ့ခေါင်းဆောင်များက ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ရာတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင်ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာတွင် ထိုသို့ ဆုမွန်ကောင်းတောင်းပေးခဲ့ခြင်းဖြစ်သည်။
“ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့အခါသမယအတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားလိုပါသည်။ မိမိတို့နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်လေးစားမှု အစဉ်အလာများအပေါ်အခြေခံပါသည်။ အခါအခွင့်ကြုံခိုက် ၂၀၂၅ နှစ်သစ်အတွက် ဆုမွန်ကောင်း တောင်းအပ်ပါသည်။ အဆွေတော် ကျန်းမာ၊ ပျော်ရွှင်၍ အောင်မြင်မှုများရရှိပါစေကြောင်းနှင့် မြန်မာပြည်သူများ ငြိမ်းချမ်းသာယာဝပြောပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်” ဟု ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင်ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာတွင် ဖော်ပြထားသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၇) နှစ်မြောက် လွတ်လပ် ရေးနေ့အခါသမယတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံအကြီးအကဲများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ဝမ်းမြောက်ကြောင်းသဝဏ်လွှာများ အသီးသီးပေးပို့ကြရာတွင် ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ၊ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက် မဟာ ပဝရ ဓိပတိ ဟွန်မာနိုက်၊ နီပေါနိုင်ငံသမ္မတ မစ္စတာရမ် ချန်ဒရာ ပေါ်ဒဲလ်၊ ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်စန္ဒား လူကာရှန်ကို၊ အယ်လ်ဂျီးရီးယား ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတအက်ဘ်ဒယ်လ်မက်ဂျစ် တက်ဘ်ဘွန်း၊ ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် မိုဟာမက် ရှီဘက် ရှာရစ်ဖ်နှင့် အခြားနိုင်ငံ့ခေါင်းဆောင်များကလည်း သဝဏ် လွှာပေးပို့ခဲ့ကြောင်း သိရသည်။