၄.၁.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဆိုင်းမိုင်ခရိုင်အတွင်း ဇန်နဝါရီ ၃ ရက်ညက အငြင်းပွားမှုတစ်ရပ်ကို ဖြေရှင်းပေးဖို့ကြိုးစားတုန်း ဒုတိယရဲမှူးကြီးတစ်ဦးမှာ အသေပစ်ခတ်ခံခဲ့ရပြီးနောက် ဆိုင်ကယ်ပြင်သမားတစ်ဦးကို လူသတ်မှုနဲ့ဖမ်းဆီးတရားစွဲထားတယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့ဟာ Sant Or-ngern လို့လည်း နာမည်ပွားရှိတဲ့ Annop Srisueb က ချာလမ်ဖောင်းလမ်းပေါ် မှာ ဒုတိယရဲမှူးကြီး Banrang Kesaporn ကို သေနတ်နဲ့ခုနစ်ချက်ပစ်ခတ်အပြီး သိပ်မကြာခင်မှာဘဲ ဖမ်းမိခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို ရဲတပ်ဖွဲ့ထံ ည ၈ နာရီခွဲခန့်မှ ာသတင်းပို့အကြောင်းကြားလာတယ်လို့လည်း သိရပါတယ်။
ဒုတိယရဲမှူးကြီး Banrang Kesaporn ဟာ ဆိုင်းမိုင်ရဲစခန်းမှာ ရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့ ဒုတိယအကြီးအကဲဖြစ်ပြီး သူ့ကို သေနတ်ဒဏ်ရာတွေကြောင့် ဆံပင်ညှပ်ဆိုင်တစ်ခုရှေ့မှာ သွေးအိုင်ထဲလဲနေတာကို တွေ့ခဲ့ကြရပါတယ်။ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက သူ့ကိုဆေးရုံမပို့ခင် ရှေးဦးသူနာပြုနည်းနဲ့လည်း ပြုစုပေးခဲ့ကြပါတယ်။ ဒါပေမယ့် Banrang က သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ရပါတယ်။
ရဲတပ်ဖွဲ့ရဲ့စုံစမ်းစစ်ဆေးချက်အရ အသက် ၄၂ နှစ်ရှိ Banrang ဟာ တာဝန်ချိန်ပြီးလို့ စားသောက်ဆိုင်တစ်ဆိုင်မှာစားနေတုန်းအနီးမှာ Annop Srisueb နဲ့ မြန်မာနိုင်ငံသားတစ်ဦးအကြား ဆူဆူညံညံ ရန်ဖြစ်သံကြားခဲ့ရတယ် ဆိုပါတယ်။ ဒီမှာ ရန်ဖြစ်နေတဲ့ မြန်မာနိုင်ငံသားက Banrang ဆီက လှမ်းပြီး အကူအညီတောင်းခဲ့တယ်လို့လည်း သိရပါတယ်။
ဒါနဲ့ Banrang က ရန်ပွဲကိုဖြန်ဖြေပေးဖို့ ကြိုးစားနေတုံး Annop က သူ့ဆိုင်ကယ်ပြင်ဆိုင်ဆီပြန်သွားပြီး ၉ မမ ပစ္စတိုတစ်လက်ယူလာပြီး ဒုတိယရဲမှူးကြီး Banrang ကိုပစ်ခတ်ပြီးထွက်ပြေးသွားခဲ့တာလို့ သိရပါတယ်။ ဒါပေမယ့် သူ့ကို ရဲတပ်ဖွဲ့ကပြန်ဖမ်းမိပြီးနောက်မှာတော့ သူက ဒုရဲမှူးကြီးကို သေနတ်နဲ့ပစ်ခဲ့တာကို ဝန်ခံခဲ့ပါတယ်။
ရဲတပ်ဖွဲ့က Annop ကို လူသတ်မှု၊ တရားမဝင် လက်နက်ကိုင်ဆောင်မှုနဲ့ လက်နက်ကို ဥပဒေနဲ့မညီ အသုံးချမှုတွေနဲ့ တရားစွဲထားတယ်လို့ သိရပါတယ်။
Ref- Bangkok post