၄.၁.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ မြို့တော် ဝါရှင်တန်ဒီစီတွင် လူနေရပ်ကွက်တစ်ခုအတွင်း ဇန်နဝါရီလ ၃ ရက် ည ၉ နာရီခန့်က ပစ်ခတ်မှုတစ်ရပ် ဖြစ်ပွားခဲ့ရာ လူအချို့ ဒဏ်ရာရခဲ့ပြီး ၎င်းတို့အနက် လေးဦးကိုမူ ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း၊ ဆေးရုံသို့တင်ပို့ခဲ့ရသူများတွင် အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးပါဝင်ကြောင်း ရှေးဦးရရှိသော သတင်းများအရ သိရသည်။
ဥပဒေစိုးမိုးရေးရဲတပ်ဖွဲ့များက ပစ်ခတ်မှုဖြစ်ပွားရာနေရာသို့ လျင်မြန်စွာရောက်လာကြပြီးနောက် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။ အာဏာပိုင်များက ပစ်ခတ်မှုဖြစ်ပွားသောနေရာကို ပိတ်ဆို့ကာ မျက်မြင်တွေ့ရှိသူများကို မေးမြန်းလျက်ရှိကြောင်းလည်း သိရသည်။
လက်ရှိရရှိသော သတင်းများအရ ဆေးရုံတင်ထားရသူများ၏ အခြေအနေကို သေချာစွာ မသိရသေးကြောင်းလည်း သိရသည်။ ရဲတပ်ဖွဲ့အနေဖြင့်လည်း ပစ်ခတ်မှုတွင် သံသယရှိသူတစ်စုံတစ်ဦးကိုမှ ဖမ်းဆီးရမိခြင်းမရှိသေးဘဲ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်းသာပြောခဲ့သည်။
ပစ်ခတ်မှုဖြစ်ပွားရခြင်းအကြောင်းရင်းကိုလည်း ရှင်းရှင်းလင်းလင်းမသိရသေးကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။
ဇန်နဝါရီလ ၁ ရက်ညကလည်း နယူးယော့ခ်မြို့တွင် လူသုံးဦး(သို့မဟုတ်)လေးဦးက လူအုပ်အတွင်း သေနတ်ဖြင့် အချက် ၃၀ ခန့် ပစ်ခဲ့၍ လူဆယ်ဦးထိခိုက်ဒဏ်ရာရခဲ့ပြီးနောက် ယခုပစ်ခတ်မှုက ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
Ref-Hindustan Times