၄.၁.၂၀၂၅
Writte By Zun
ထိုင်းနိုင်ငံတွင် မြန်မာမိခင်တစ်ဦးက (၄)လအရွယ်သားငယ်ကိုသတ်ဖြတ်ပြီး မိမိကိုယ်ကိုယ်လည်း သေကြောင်း ကြံစည်ခဲ့ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၃ ရက် နံနက် ၁၁ နာရီအချိန်ခန့်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ပရဝေ့နယ်မြေ၊ အွန်နွန်လမ်းသွယ်ရှိ အလုပ်ဆိုက်တစ်ခုတွင် မြန်မာနိုင်ငံသူတစ်ဦးက ခင်ပွန်းဖြစ်သူနှင့် စကားများရန်ဖြစ်ပြီး (၄) လသားအရွယ် သားယောကျ်ားလေးအား သတ်ဖြတ်ကာ မိမိကိုယ်ကိုယ် အဆုံးစီရင်ရန် ကြိုးပမ်းကြံစည်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
(၄)လသားအရွယ်ကလေးအားသတ်ဖြတ်ကာ မိမိကိုယ်ကိုယ်သေကြောင်းကြံစည်ခဲ့သော မြန်မာနိုင်ငံသူမှာ အသက် (၄၁) နှစ်အရွယ်ရှိ စိတ်ကျန်းရေးမကောင်းသူ မရီသန်းဆိုသူဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ၄ လသားကလေးငယ်မှာ သေဆုံးခဲ့ပြီး မိခင်ဖြစ်သူ မြန်မာအမျိုးသမီးက မိမိကိုယ်ကိုယ် ဓားဖြင့် ၃ ချက်ထိုး၍ ကြံစည်ခဲ့ကြောင်း၊ သို့သော်လည်း ပတ်ဝန်းကျင်က သိရှိသွားသောကြောင့် ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့က ရောက်ရှိလာချိန်တွင် ယင်းမြန်မာနိုင်ငံသားအမျိုးသမီးမှာ ဓားဒဏ်ရာများရရှိထားကြောင်း၊ ထိုင်းရဲတပ်ဖွဲ့က မြန်မာနိုင်ငံသားအမျိုးသမီးအား စစ်ဆေးမှုများပြုလုပ်ခဲ့ကြကာ လူမှုကူညီရေးအဖွဲ့များကို ဆက်သွယ်၍ စီလင်တွန်ဆေးရုံသို့ အချိန်မီပို့ဆောင်နိုင်ခဲ့ကြောင်းနှင့် ဘန်ကောက်ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားခဲ့သည့်နေရာတွင် စစ်ဆေးမှုများကို ထပ်မံပြုလုပ်နေကြောင်း သိရသည်။
မရီသန်းအနေဖြင့် အရက်သေစာသောက်စားသည့် ခင်ပွန်းသည်အား စိတ်နာကျည်းနေဟန်ယူဆရကြောင်း၊ ခင်ပွန်းဖြစ်သူနှင့် မကြာခဏစကားများရန်ဖြစ်လေ့ရှိသော်လည်း အခင်းဖြစ်သည့်နေ့က စကားများခြင်းမရှိကြောင်း၊ မကြာသေးသည့်ကာလကလည်း ယင်းကလေးငယ်နှင့် မိမိကိုယ်ကိုယ် နာကျင်စေရန် ပြုလုပ်ဖူးသူ ဖြစ်ကြောင်း သိရသည်။