၄. ၁ .၂၀၂၅
Written by Hey Mar
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိ ပဲခူးချောင်ရပ်ကွက်မှာ ဒီနေ့ ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၁ နာရီ ၁၅ မိနစ်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၃ လုံးခန့် မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ကာ ဖြစ်စဉ်အတွင်း လူသေဆုံးမှုရှိခဲ့ကြောင်း မော်လမြိုင်မီးသတ်တပ်ဖွဲ့နဲ့ မြို့ပေါ်ရှိလူမှုကယ်ဆယ်ရေးအဖွဲ့တွေထံကနေ သိရပါတယ်။
မီးလောင်မှုက မုန့်တီဖတ်လုပ်တဲ့ စက်ရုံအိမ်ကနေ စတင်လောင်ကျွမ်းခဲ့တယ်လို့ သိရှိရပြီး အိမ်ပိုင်ရှင်ရဲ့အမဖြစ်သူ လေဖြတ်ထားတဲ့အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့တာပါ။
“ဖြစ်စဉ်ကတော့ မနက် နှစ်နာရီလောက် သတင်းကြားတာနဲ့ ခရိုင်မီးသတ်အဖွဲ့တွေပါ ထွက်ခွာရတယ်။ ရောက်တဲ့အချိန် အိမ်နှစ်လုံးလောင်နေပြီ။ တစ်လုံးက ကုန်သွားပြီး။ တစ်လုံးကကျန်သေးတယ်။ စလောင်တာက မုန့်တီဖတ် လုပ်တဲ့စက်က။အဲ့ဒီအိမ်ကပဲ တစ်အိမ်လုံးကုန်ပြီး အိမ်ရှင်လေဖြတ်နေတဲ့ အသက်ခြောက်ဆယ်အရွယ် အမျိုးသမီးကြီး ဆုံးသွားပါတယ်။ မီးမကူးအောင် အတတ်နိုင်ဆုံးကူညီငြှိမ်းသတ်တဲ့အတွက် အိမ်သုံးလုံးပဲ လောင်ကျွမ်းပျက်စီးပါတယ်”လို့ မော်လမြိုင်မြို့ မီးသတ်တပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက MT News ကို ပြောပါတယ်။
အဆိုပါမီးလောင်မှုကို မွန်ပြည်နယ်မီးသတ်ဦးစီးမှူးရုံး၊ မော်လမြိုင်ခရိုင်မီးသတ်စခန်း၊ မော်လမြိုင်မြို့နယ်မီးသတ်စခန်း၊ မော်လမြိုင်နယ်မြေမီးသတ်စခန်း၊ ရွှေမြိုင်သီရိနယ်မြေမီးသတ်စခန်း၊ မြိုင်သာယာနယ်မြေမီးသတ်စခန်း၊ ညောင်ပင်ဆိပ်နယ်မြေမီးသတ်စခန်းတို့မှ အသီးသီး ထွက်ခွာငြှိမ်းသတ်ပေးခဲ့ပြီး လောင်ကျွမ်းချိန် တစ်နာရီနီးပါးကြာမြင့်ခဲ့ကာ လောင်ကျွမ်းမှု ဖြစ်စဉ်ကို စိစစ်နေဆဲလို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ လူမှုကူညီရေးအသင်းတွေထံကနေ သိရပါတယ်။