◾️ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံနေရသည့် ၁၄၄ ဦးကို ထောင်ဒဏ် ၁၅ နှစ်သို့ လျှော့ချမှုအပြင် နိုင်ငံခြားသား ၁၈၀ ကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု
၄.၁. ၂၀၂၅
ငြိမ်းကျော်
ယနေ့ ကျရောက်သည့် လွတ်လပ်ရေးနေ့၌ လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် ၅၀၅ ပုဒ်မဖြင့် တရားစွဲဆိုခံထားရသူ ၆၀၀ နီးပါးနှင့် နိုင်ငံခြားသား ၁၈၀ အား လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး ကချင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးခက်အောင်လည်း ပါရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနှင့် ပြည်သူလူထု စိတ်နှလုံးအေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညှာထောက်ထားသောအားဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် နှစ်ခုနှင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တစ်ခုတို့ကို ကြေညာခဲ့သည်။
ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်နှစ်ခုအနက် ပထမတစ်ခုအနေဖြင့် ၂၀၂၅ ဇန်နဝါရီ ၄ ရက်မတိုင်မီ ကျူးလွန်ခဲ့သည့် လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတက်သော ဝတ္တုပစ္စည်းများ ဥပဒေ၊ မတရားအသင်းအက်ဥပဒေ၊ လက်နက်ဥပဒေ၊ မူးယစ်ဆေးဝါးဥပဒေ၊ သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေ၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ စသည့်ဥပဒေများနှင့် ပြစ်ဒဏ်ကျခံနေရသူများမှအပ ကျန်သူများကို ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံ သက်သာခွင့်ပေးခဲ့သည်ဟု သိရသည်။
လွတ်ငြိမ်းချမ်းသာခွင့်တစ်ခုအနေဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံနေရသည့် ၁၄၄ ဦးကို ထောင်ဒဏ် ၁၅ နှစ်အဖြစ် သက်သာခွင့်ပေးခဲ့သည်။ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်တွင် အကျဉ်းသား ၅၈၆၄ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ပြီး ယင်းအနက် ပုဒ်မ ၅၀၅ ဖြင့် တရားစွဲဆိုခံသူ ၆၀၀ ဦးနီးပါးနှင့် နိုင်ငံခြားသား ၁၈၀ ဦးပါဝင်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“အဲဒီအထဲမှာတော့ မီဒီယာတွေ မေးမြန်းနေတဲ့ ပုဒ်မ ၅၀၅ နဲ့ တရားစွဲဆိုခံထားရသူ ၆၀၀ နီးပါး ပါဝင်ပါတယ်။ နောက်တစ်ခုက နိုင်ငံခြားသား ၁၈၀ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါတယ်။ အဓိကတော့ ထိုင်းနိုင်ငံသားတွေနဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေဖြစ်ပါတယ်။ ထိုင်းနိုင်ငံသားတွေကတော့ တာချီလိတ်ဘက်မှာ လောင်းကစားမှုနဲ့ပတ်သက်ပြီး ထိန်းသိမ်းထားတဲ့သူတွေဖြစ်ပါတယ်။ အင်ဒိုနီးရှားတွေကတော့ မြန်မာ့ပင်လယ်ပြင်အတွင်းမှာ ငါးဖမ်းသင်္ဘောတွေနဲ့ ဝင်ရောက်လာတဲ့သူတွေဖြစ်ပါတယ်။ ဒီအထဲမှာ မီဒီယာတွေ မေးမြန်းစိတ်ဝင်စားနေတဲ့ သူတွေထဲမှာတော့ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးခက်အောင် ပါရှိတာကို တွေ့ရှိပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။