၄.၁.၂၀၂၅.
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုရဲ့ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်ကို သမ္မတအဖြစ်စတင်တာဝန်ယူဖို့ ကျမ်းသစ္စာကျိန်ဆိုမယ့် ၁၀ ရက်အလို ဇန်နဝါရီလ ၁၀ ရက်မှာ သူ့အပေါ်စွဲဆိုထားတဲ့ပြစ်မှုစွဲချက်တွေအတွက် စီရင်ချက်ချသွားမယ်လို့ နယူးယေ့ာခ်မြို့မှ တရားသူကြီး ဂျွန်မာချန်က ဇန်နဝါရီလ ၃ ရက်မှာ ပြောခဲ့ပါတယ်။
ဒါက အမေရိကန်ပြည်ထောင်စုရဲ့ ၂၄၈ နှစ်ကြာသက်တမ်းမှာ ဘယ်သမ္မတမှမကြုံဖူးခဲ့တဲ့ သမ္မတအဖြစ်တာဝန်မယူခင် ဥပဒေကြောင်းအရ ပြစ်ဒဏ်စီရင်မှုကို ခံရခြင်းလည်းဖြစ်ခဲ့ပါတယ်။
ဒေါ်နယ်ထရန့်ဟာ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲမတိုင်မီက သူ့ရဲ့ရှေ့နေ မစ်ချေးလ် ကိုဟန်းကနေ အပြာရုပ်ရှင်သရုပ်ဆောင် မင်းသမီး စတော်မီ ဒန်နီရယ်ကို နှုတ်ပိတ်ခ ဒေါ်လာ ၁၃၀,၀၀၀ ပေးခဲ့တဲ့အတွက် အပြစ်ရှိတယ်လို့ တရားစွဲခံထားရတာပါ။
ထရန့်က ၂၀၂၄ ခုနှစ်၊ မေလမှာတော့ ပြစ်မှုတွေနဲ့ပထမဆုံးတရားစွဲခံရတဲ့ အမေရိကန်သမ္မတဟောင်းတစ်ဦးလည်းဖြစ်လာခဲ့တာပါ။ နယူးယော့ခ်တရားရုံးမှာ စွဲဆိုထားတဲ့ဒီအမှုကို အပြစ်ရှိတယ်လို့ ခုံသမာဓိအဖွဲ့က တစ်ညီတစ်ညွတ်ထဲဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီအမှုမှာ ထရန့်က အပြာမယ် စတော်မီ ဒန်နီရယ်နဲ့ လိင်ပိုင်းဆိုင်ရာဆက်ဆံမှုဆိုင်ရာ စွပ်စွဲခံရတာနဲ့ပတ်သက်လို့ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲမတိုင်မီရက်ပိုင်းအလိုမှာ စတော်မီကို နှုတ်ပိတ်ခပေးခဲ့တာလို့လည်း စွပ်စွဲခံထားရပါတယ်။
ဒါပေမယ့် တရားသူကြီး မာချန်က သူ့ရဲ့စီရင်ချက်က ရွေးကောက်ခံသမ္မတ ထရန့်ကို ထောင်ဒဏ်အပြစ်ပေးဖို့ ရည်ရွယ်လိမ့်မယ်မဟုတ်ဘူးဆိုတာတော့ အရိပ်လက္ခဏာပြပြောကြားခဲ့ပါတယ်။ ထရန့်အနေနဲ့ တရားရုံးကို လူကိုယ်တိုင်မတက်ရောက်နိုင်ရင် အွန်လိုင်းမှ တက်ရောက်နိုင်တယ်လို့လည်း မာချန်က ပြောခဲ့ပါတယ်။
မာချန်ရဲ့ ပြောကြားချက်တွေအရဆိုရင် ထရန့်အနေနဲ့ ဒီအမှုမှာ အပြစ်ရှိတယ်ဆိုရင် ထောင်ဒဏ်လေးနှစ်အထိ ကျခံရနိုင်ပေမယ့် ထောင်ဒဏ်အစား တခြားအစားထိုးပြစ်ဒဏ်တွေဖြစ်တဲ့ ခံဝန်ချုပ်နဲ့ လွှတ်ပေးတာ၊ ငွေဒဏ်ချမှတ်တာတွေကိုသာ တရားသူကြီးက စီရင်လိမ့်မယ်လို့ ယုံကြည်ရပါတယ်။
ထရန့်ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတီဗင်ချွန်က ဒီအမှုက ပြိုင်ဘက်တွေက ထရန့်ကို ထိခိုက်နစ်နာရုံမက ရှင်းလင်းသုတ်သင်ဖို့ကြိုးစားတဲ့ လုပ်ဆောင်မှု ‘Witch hunt’ သာဖြစ်တယ်လို့ ဇန်ဝါရီလ ၃ ရက်မှာ ပြောခဲ့ပါတယ်။ သူက ထရန့်အပေါ်မှာ စီရင်ချက်ချတာမျိုး လုံးဝမဖြစ်သင့်သလို ဒီလိမ်လည်လှည့်ကွက်တွေကိုလည်း သူတို့အားလုံးအဆုံးသတ်တဲ့အထိ တိုက်ဖျက်ရမယ်လို့ ဆက်လက်ပြောခဲ့ပါတယ်။
ထရန့်ကိုယ်တိုင်ကလည်း ဒီအမှုမှာ သူအပြစ်မရှိဘူးလို့ ထပ်ခါထပ်ခါပြောခဲ့ပြီး ဒါက သူ့အပေါ် တရားမဝင်တဲ့နိုင်ငံရေးအရတိုက်ခိုက်မှုလို့ ပြောခဲ့ပါတယ်။
Ref- CBS