၄.၁.၂၀၂၅
Written By Thandar
လွတ်ငြိမ်းသက်သာခွင့်ပေးတိုင်း ပြန်လွတ်လာပြီလို့ သတင်းမကြာခဏထွက်တတ်တဲ့ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၃(က)နဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့ နန်းမွေစံတို့ လွတ်ငြိမ်းချမ်းသာရပြီး လွတ်မြောက်လာတယ် သတင်းထွက်ပေမဲ့လည်း သင်ဇာဝင့်ကျော်ဘဲ ပြန်လည်လွတ်မြောက်လာပြီးတော့ နန်းမွေ့စံက မလွတ်မြောက်သေးတာပဲဖြစ်ပါတယ်။
“အန်တီဆီကို ခုချိန်ထိ ဘာဖုန်းအဆက်အသွယ်မှ မရသေးဘူးဆိုတော့ သမီး နန်းမွေ့စံ ဒီလွတ်ငြိမ်းမှာ ပါမလာသေးဘူးထင်ပါတယ်။ တချို့ လွတ်တဲ့သူတွေတော့ လွတ်လာတယ် ကြားရတယ်။ အန်တီ့သမီးကတော့ လွတ်မြောက်ခွင့်ထဲ ပါမလာသေးဘူးထင်ပါတယ်။ သမီးအတွက် စိတ်ပူပေးကြသူတွေကိုလည်း ကျေးဇူးတင်ပါတယ်”လို့ မော်ဒယ်လ်နန်းမွေ့စံရဲ့ မိခင်ဖြစ်သူက MT Entertainment ကို ပြောပါတယ်။
ယနေ့ ၇၇ နှစ်မြောက်လွတ်လပ်ရေးနေ့မှာ လွတ်ငြိမ်းနဲ့ အကျဥ်းသားတွေကို ပြန်လွှတ်ပေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းက အကျဥ်းစခန်းအသီးသီးက အကျဥ်းကျခံနေသူ ၁၂၆၀ ဦး ပြန်လည်လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။
“သင်ဇာဝင့်ကျော်ကတော့ ဒီနေ့လွတ်လပ်ရေးနေ့မှာ လွတ်မြောက်လာပြီးမို့ ဝမ်းသာပီတိဖြစ်ရပါတယ်။ ချစ်ညီမလေး သင်ဇာဆုတောင်းပြည့်ခဲ့ပါပြီ”လို့ အဆိုတော် စစ်သွေးက ပရိသတ်သိအောင်ပြောလာပါတယ်။
သင်ဇာဝင့်ကျော်နဲ့ နန်းမွေစံတို့ဟာ မြန်မာအမျိုးသမီးတွေ စောင့်ထိန်းအပ်တဲ့ မြန်မာ့ယဉ်ကျေးမှုထိခိုက်စေတဲ့ လိင်အသားပေးဓာတ်ပုံတွေနဲ့ Video တွေကို လူမှုကွန်ရက်မှာ အခကြေးငွေရယူပြီး ဖြန့်ဝေလျက်ရှိတယ်ဆိုတဲ့ စွဲချက်နဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်းမှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး တရားစွဲဆိုခံရတာလည်းဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ကတော့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်မှာ ရန်ကုန်မြို့ အင်းစိန်ထောင်တွင်း တရားရုံး၊ မရမ်းကုန်းမြိုနယ် တရားခွင်ကနေ ထောင်ဒဏ် ၅ နှစ်အမိန့် ချမှတ်ခံခဲ့ရသလို မော်ဒယ်လ် နန်းမွေစံကိုလည်း စစ်ခုံရုံးနဲ့ ထောင်ဒဏ် ၇ နှစ် အမိန့်ချခဲ့တာဖြစ်ပါတယ်။