◾️ လက်နက်ကိုင်အကြမ်းဖက် တောင်းဆိုမှုများအပေါ် လိုက်လျောဖြေရှင်းပေးသွားမည် မဟုတ်ကြောင်းပါ အတိအလင်း ထပ်မံအသိပေး
၄. ၁. ၂၀၂၅
Written by Nyein Kyaw
NCA လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) အချို့သည်ပင် ကတိကဝတ်များ လိုက်နာမှုမရှိ ချိုးဖောက်ခဲ့သည်ကို တွေ့ရှိနေရပြီး အကြမ်းဖက်မှုများ၏ နောက်ကွယ်တွင် အမျိုးမျိုးသော ပံ့ပိုးမှုများ ပါဝင်ပတ်သက်နေ သည်ကိုလည်း နိုင်ငံသားတိုင်း သတိချပ်သင့်ကြကြောင်း ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့သို့ ပေးပို့ခဲ့သည့် သဝဏ်လွှာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါ SAC ဥက္ကဋ္ဌက၏ သဝဏ်လွှာအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် မြို့တော်ခန်းမအရှေ့ရှိ ရင်ပြင်တွင် ပြုလုပ်သည့် လွတ်လပ်နေ့အခမ်းအနားတွင် ဖတ်ကြားခဲ့သည်။
မြန်မာနိုင်ငံတွင် သမိုင်းရှည်ကြာဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်နိုင်ရန်၊ နိုင်ငံရေးပြဿနာကို စစ်ရေးဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို တည်ဆောက်ရန်အတွက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
တပ်မတော်အနေဖြင့် တစ်ဖက်သတ်အပစ်အခတ် ရပ်စဲကြောင်းကို အကြိမ်ပေါင်းများစွာ ထုတ်ပြန်ကြေညာခဲ့ပြီး နိုင်ငံတော်အစိုးရအနေဖြင့်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖြစ်သော တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ရန် ဖိတ်ခေါ်မှုများကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြောင်း၊ သို့သော်လည်း NCA တွင် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) အချို့သည် NCA ပါ ကတိကဝတ်များကို လိုက်နာမှုမရှိဘဲ ချိုးဖောက်နေကြသည်ကိုလည်း တွေ့ရှိနေရကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော ပဋိပက္ခများနှင့် လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်မှုများမှာ နိုင်ငံရေးအမြင် မတူညီမှုများကို အခြေခံသကဲ့သို့ တသီးတခြားရပ်တည်လိုစိတ်နှင့် အတ္တအကျိုးစီးပွားကိုသာ ရှေ့တန်းတင်ခဲ့ခြင်းကြောင့်လည်း ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
နယ်မြေဒေသအသီးသီးတွင် လက်နက်ကိုင်သောင်းကျန်းသူများ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်သုဉ်းကာ ဆင်းရဲဒုက္ခရောက်ခဲ့ကြရကြောင်း၊ အကြမ်းဖက်မှုများ၏ နောက်ကွယ်တွင် အမျိုးမျိုးသော ပံ့ပိုးမှုများ ပါဝင်ပတ်သက်နေသည်ကိုလည်း နိုင်ငံသားတိုင်း သတိချပ်သင့်ကြကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
နိုင်ငံတော်အား ဆန့်ကျင်တိုက်ခိုက်နေသည့် အဖွဲ့များအနေဖြင့် လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်သည့်လမ်းစဉ်ကို စွန့်လွှတ်ကာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် ကမ်းလှမ်းဖိတ်ခေါ်လျက်ရှိကြောင်း၊ လက်နက် ကိုင်အကြမ်းဖက် တောင်းဆိုမှုများအပေါ် လိုက်လျောဖြေရှင်းပေးသွားမည် မဟုတ်ကြောင်းကိုလည်း အတိအလင်း ကြေညာထားပြီးဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
သို့ဖြစ်၍ “ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် လက်နက်ကိုင်ပဋိပက္ခများနှင့် သဘောထားကွဲလွဲမှုများကို ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်သွားကြရန်” SAC ဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့သည်။