၃. ၁၂. ၂၀၂၄
Written by Nyein Kyaw
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ကုလားကျေးရွာအတွင်းရှိ နေအိမ်နှင့် စာသင်ကျောင်းများရှိ PDF များကို ရှင်းလင်းချိန် ထိတွေ့တိုက်ပွဲဖြစ်ပွားရာမှ PDF ၃ ဦးအား အသေဖမ်းမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် ထုတ်ပြန်ထားသည်။
ဖြစ်စဥ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း အဖျက်အမှောင့် လုပ်ငန်းများ လုပ်ဆောင်နေသည့် PDF များသည် ငါန်းဇွန် မြို့၊ အနောက်ဘက် မီတာ ၈၅၀၀ ခန့်အကွာ ကုလားကျေးရွာအတွင်း၌ ခိုအောင်းနေထိုင်ပြီး အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိကြောင်းနှင့် လက်နက်၊ ခဲယမ်းများ သိုဝှက်သိမ်းဆည်းထားကြောင်း ပြည်သူ့သတင်းပေးပို့မှုအရ သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၂ ရက် ည ၁၁ နာရီခန့်တွင် အဆိုပါ ကျေးရွာအတွင်းသို့ ရုတ်ချည်း ထိုးဖောက်ဝင်ရောက်တိုက်ခိုက်၍ လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာ ကျေးရွာအတွင်း ခိုအောင်းနေထိုင်လျက်ရှိသည့် PDF များနှင့် ရင်ဆိုင်ထိတွေ့မှုဖြစ်ပွားခဲ့ပြီးPDF ၃ ဦးကို အသေဖမ်းဆီးရမိခဲ့ကာ ၎င်းတို့ခိုအောင်းနေထိုင်လျက်ရှိသည့် နေအိမ်နှင့်စာသင်ကျောင်းအတွင်းမှ ဖောက်ခွဲဖျက်ဆီးရေးဆက်စပ်ပစ္စည်းများ၊ ၎င်းတို့အသုံးပြုလျက်ရှိသည့် ကျန်းမာရေးနှင့် လူမှုကူညီရေးအသင်းစာတမ်းပါ NISSAN XTRAIL အမျိုးအစား မော်တော်ယာဉ်တစ်စီးနှင့် Hijet အမျိုးအစား မော်တော်ယာဉ်တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ PDF များ၏ အကြမ်းဖက်လုပ်ရပ်များကို သက်ဆိုင်ရာ ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် လက်ခံမှုမရှိဘဲ ၎င်းတို့၏ လှုပ်ရှားမှုသတင်းများအား အချိန်မီပေးပို့ခဲ့မှုကြောင့်သာ အဖျက်အမှောင့် လုပ်ရပ်များလုပ်ဆောင်မည့် အကြမ်းဖက်သမားများနှင့် လက်နက်၊ ခဲယမ်းများကို ယခုကဲ့သို့ အချိန်မီ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ဆက်လက်၍လည်း အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှုသတင်းများရရှိပါက နီးစပ်ရာလုံခြုံရေး တပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာ သတင်းပေးပို့ခြင်းဖြင့် ရပ်ရွာတည်ငြိမ်အေးချမ်းအတွက် ပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။