၃. ၁. ၂၀၂၄
Translated by Thettant
တောင်ကိုရီးယားနိုင်ငံရဲ့ စတုတ္ထအကြီးဆုံးစီးပွားရေးမြို့တော်ဖြစ်တဲ့ ဆောင်နမ်မြို့မှာ စီးပွားရေးအဆောက်အအုံတစ်ခု မီးလောင်ကျွမ်းခဲ့ပြီး လူ ၃၀၀ ကျော်ကို အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ပါတယ်။
သတင်းမှတ်တမ်းတွေအရ လူပေါင်း ၁၃၀ ကျော် ဒဏ်ရာရရှိခဲ့ပေမဲ့ ကံကောင်းထောက်မစွာနဲ့ဘဲ ဒဏ်ရာပြင်းထန်စွာရရှိခြင်းမရှိကြောင်းလည်း သိရပါတယ်။
အခင်းဖြစ်ပွားချိန်ဟာ ဒေသစံတော်ချိန် ညနေ ၄ နာရီ ၃၇ မိနစ်ခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့တဲ့ အဆောက်အအုံတစ်ခုလုံး မီးခိုးငွေ့များစွာ ထူထပ်စွာ ထွက်လာတာကို လူမှုမီဒီယာမှာ ဖော်ပြခဲ့ကြသလို ကနဦး စုံစမ်းမှုတွေအရ ဒီဖြစ်စဥ်က အဆောက်အအုံရဲ့အောက်ဆုံးမှာရှိတဲ့ စားသောက်ဆိုင်တစ်ခုရဲ့ မီးဖိုချောင်က စတင် ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
အရေးပေါ်ဖုန်းခေါ်ဆိုမှုများစွာကို လက်ခံရရှိခဲ့ပြီးနောက် မီးသတ်ဦးစီးဌာနဟာ ညနေ ၄ နာရီ ၄၃ မိနစ်မှာ မီးလောင်မှုကို Level 2 အဆင့်သတ်မှတ်ပြီး တုံ့ပြန်ငြှိမ်းသတ်မှု စတင်ခဲ့သလို မီးသတ်ကား ၈၄ စီးနဲ့ မီးသတ်သမား ၂၆၈ ဦးတို့ကို အခင်းဖြစ်ပွားရာနေရာ ပို့ဆောင်ပေးခဲ့တာကြောင့် အခင်းဖြစ်ပွားမှု တစ်နာရီခွဲနီးပါးအကြာ ညနေ ၆ နာရီ ၁ မိနစ်ခန့်မှာ မီးထိန်းနိုင်ခဲ့တာပါ။
Seoul Broadcasting System (SBS) အဆိုအရ မီးလောင်တဲ့ စီးပွားရေး အဆောက်အအုံမှာ မြေအောက်ခန်းက ကားပါကင်၊ ခန္ဓာကိုယ်ကာယအလှပြုပြင်ထိန်းသိမ်းတဲ့ လုပ်ငန်းတွေနဲ့ စားသောက်ဆိုင်တွေ ပါဝင်ပြီး ပထမထပ်ကနေ အဋ္ဌမထပ်အထိကတော့ စီးပွားရေးဆိုင်ရာ နေရာတွေနဲ့ ဆေးခန်းတွေ ပါဝင်ပါတယ်။ ဒီ စီးပွားရေး အဆောက်အအုံသည် ၂၀၀၅ ခုနှစ် ဇူလိုင်လမှာ လူနေထိုင်ဖို့ ခွင့်ပြုချက်ရရှိခဲ့ပြီး စုစုပေါင်း ဧရိယာ စတုရန်းမီတာ ၂၅၀၀၀ ခန့် ကျယ်ဝန်းပါတယ်။