၃.၁၂.၂၀၂၅
Written By Zun
နိုင်ငံရေးနည်းလမ်းဖြင့်ဆွေးနွေးမည်ဟုဆိုသော AA က ရခိုင်လူငယ် အမျိုးသားအမျိုးသမီးများအား စစ်မှုထမ်း ရန် အဓမ္မ ဖမ်းဆီးနေကြောင်း ရခိုင်ပြည်နယ် ဒေသခံအချို့က MT News ကို အတည်ပြုပြောဆိုကြသည်။
အသက် ၃၀ နှင့် အသက် ၃၀ အောက် လူငယ် အိမ်ထောင်မရှိသူများအား ဦးစားပေးဖမ်းဆီးနေခြင်းဖြစ်သည့်အပြင် စစ်မှုထမ်းရန် လုံးဝစိတ်မဝင်စားသော လူငယ်များကို AA အဖွဲ့တွင် ကျရာ တာဝန်တစ်ခုခုကို ထမ်းဆောင်ရမည်ဟုလည်း ပြောဆိုကြောင်း ရွာမ ဒေသခံတစ်ဦးက ပြောသည်။
“အခုကဖြစ်နေတာက AA ကို အားပေးတဲ့ မိသားစုတွေထဲက လူငယ်တွေကိုဖြစ်ဖြစ် အားမပေးတဲ့ မိသားစုတွေထဲက ဖြစ်ဖြစ် စစ်မှုထမ်းဖို့ အဖမ်းခံရတယ်။ အဖမ်းခံရတဲ့ လူငယ်တွေထဲမှာ စစ်သား မလုပ်ချင်တဲ့သူတွေ ပါတယ်။စစ်သားမလုပ်ချင်ဘူးဆိုတဲ့ သူတွေကို သူတို့အဖွဲ့မှာ အဖွဲ့ဝင်ပြီး တာဝန်တစ်ခုခုကို ယူရမယ်လို့ ပြောတယ်။ ဥပမာ ရိက္ခာရှာဖွေရေး၊ ထောက်ပို့ ပုံစံမျိုးပေါ့။ ကျွန်တော့်ရဲ့ အစ်ကိုတစ်ယောက် သားလေးဆိုရင် ကျန်းမာရေးမကောင်းဘူး။ ဒါပေမဲ့ သူက အသက် ၃၀ လောက်ပဲ ရှိသေးတယ်။ အိမ်ထောင်လည်းမရှိတော့ အဲဒီကောင်လေးကို ဖမ်းသွားတယ်။ မိသားစုက စိတ်ပူတာပေါ့။ ကျွန်တော်တို့ ပြောချင်တာကလေ တကယ်တမ်း AA အနေနဲ့ အဓမ္မ လုပ်ဆောင်တာမျိုးကို မလုပ်သင့်ဘူးလို့မြင်ပါတယ်”ဟု ရွာမ မြို့နယ်ခွဲ ဒေသခံတစ်ဦးက MT News ကို ပြောသည်။
ရခိုင်ပြည်နယ် မောင်တောမြို့ကို AA က အလုံးစုံသိမ်းပြီးပြီဟု ထုတ်ပြန်ပြီးနောက် အဆိုပါ မောင်တောမြို့နယ်တစ်ခုလုံးရှိ ရခိုင်လူငယ်များနှင့် အစ္စလာမ်ဘာသာဝင်လူငယ်များအား သေနတ်ပြကာ ခြိမ်းခြောက် ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်းလည်း မောင်တော ဒေသခံက ဆိုသည်။
“ဒီဇင်ဘာလ ၂၀ ကျော်လောက်က ငါးခူရရွာဘက်မှာ ပိုပြီး အဖမ်းအဆီးများတယ်။ ကျွန်တော်တို့ မောင်တောမြို့နယ်မှာ အောင်မင်္ဂလာ၊ ငါးခူရ၊ သရက်အုပ်၊ ရွက်ညှိုးတောင်၊ ခြံပြင်၊ စပါယ်ပင်ရင်း၊ ကပ္ပကောင်း၊ ဖားဝတ်ချောင်း၊ ဘော်တူလာ၊ အင်တူလာ၊ တောင်ပြို ဆိုပြီးရှိတယ်လေ။ အဲဒီရွာတွေမှာ တစ်ရွာဝင် တစ်ရွာထွက် ဖမ်းခေါ် တာ။ သူတို့က ရခိုင်မှာရှိတဲ့ ရခိုင်အပါအဝင် လူမျိုးစုတွေ ဖြစ်တဲ့ မြို၊ သက်၊ မရမာကြီး၊ ဒိုင်းနက်၊ ခမီနဲ့ အစ္စလာမ်တွေကို ရခိုင်ကို စောင့်ရှောက်ရမယ်။ အာရက္ခမြေကို စောင့်ရှောက်ရမယ်လို့ပြောပြီးဖမ်းတာ။ စောင့်ရှောက်ရမှာဖြစ်လို့ စစ်မှုထမ်းရမယ် လို့ပြောတာ။ တချို့က အိမ်မှာ မိဘတွေကို လုပ်ကျွေးနေသူတွေရှိတယ်။ သူတို့အဖွဲ့ထဲကို မဝင်ချင်ဘူး။ ဒါပေမဲ့ မဝင်ချင်ရင်လည်း ဖမ်းတယ်။ မဝင်ချင်ဘူးလို့ပြောရင် ရိုက်တာနှက်တာ တွေလုပ်တယ်။ ထွက်ပြေးနေသူတွေရှိတယ်။ AA က သူတို့ မောင်တောကို သိမ်းထားတယ်ဆိုပြီး လုပ်ချင်သလို လုပ်နေတယ်”ဟု ၎င်း ဒေသခံက ပြောသည်။
AA အဖွဲ့ကစစ်မှုထမ်းရန် အဓမ္မဖမ်းဆီးနေသည့်ကိစ္စကို AA ထောက်ခံသည့်မီဒီယာများက ဖော်ပြမှုလုံး၀ မရှိသလောက် ဖြစ်နေသောကြောင့် ရခိုင်ဒေသခံများက ၎င်းတို့ ဒေသများတွင် ရခိုင်လူငယ်များအဖမ်းခံနေရသည်ကို အများသိစေရန် ရေးသားပေးစေလိုနေကြကြောင်း MT News ကို ပြောပြသည်။
“ရခိုင်မီဒီယာတွေ ရှိတယ်။ AA ကို ဘက်လိုက်တယ်။ ဆိုပေမဲ့ AA က အမှားတွေလုပ်နေတာကို ဖုံးတာ ဖိတာမျိုး လုပ်နေတာကတော့ အဲဒီမီဒီယာတွေအနေနဲ့ ရခိုင်ပြည်သူအကျိုးကို မကြည့်ဘဲ ကိုယ်ကျိုးအတွက်ပဲ ကြည့်တယ် လို့ ကျွန်တော်က ပြောချင်တယ်”ဟု သံတွဲမြို့တွင် လူမှုရေးလုပ်ငန်းများကို တစ်နိုင် လုပ်ကိုင်သူတစ်ဦးက MT News ကို ဆက်သွယ်ပြောပြသည်။