၃.၁.၂၀၂၅
Written By Thandar
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဦးဆောင်ပြီးတော့ ရုပ်ရှင်လောကသားတွေအတွက် ၁၆ ကြိမ်မြောက် ဆန်၊ ဆီ စားသောက်ကုန်တွေ ထောက်ပံ့လှူဒါန်းဖို့အတွက် အနုပညာရှင်တွေက အလှူငွေကို ပါဝင်လှူဒါန်းနေလျှက် ရှိပါတယ်။
“ကိုဗစ်ကာလကစပြီး ရုပ်ရှင်လောကသားတွေကို ဆန်၊ ဆီ ဝေငှတာကို စတင်ခဲ့တာ အခုဆိုရင် ၁၆ ကြိမ်မြောက်ထိ ရှိသွားပါပြီ။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေနဲ့ ဆန်၊ ဆီဝေငှတာကို အခုမှ လုပ်ခဲ့တာမဟုတ်ဘူး။ ဥက္ကဋ္ဌ ဦးစိန်တင်ခေတ်ကတည်းက ဒီလိုမျိုး လုပ်ခဲ့တာပါ။ ၁၉၉၅ ခုနှစ်နဲ့ ၂၀၀၅ ခုနှစ်လောက်ကတည်းက တစ်နှစ် ကို ၂ ကြိမ်လောက် ဝေငှခဲ့တာပါ။ ကိုဗစ်နောက်ပိုင်းကျတော့ ရုပ်ရှင်လောကသားတွေအနေနဲ့ စားဝတ်နေရေး တော်တော်လေး အဆင်မပြေဖြစ်လာတဲ့အတွက် အခုလိုမျိုး ဆန်၊ ဆီဝေငှတာကို ခပ်စိပ်စိပ်လုပ်လာခဲ့တာပါ။ ရုပ်ရှင်အစည်းအရုံးအနေနဲ့ တစ်ဦးတည်း ဆောင်ရွက်လိုလည်း မရတော့ အလှူရှင်တွေ လှူဒါန်းတဲ့အားနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ဖြစ်တယ်။ နာမည်ကြီး အနုပညာရှင်တွေကလည်း ကိုယ့်လောကသားတွေအတွက် ပါဝင် လှူဒါန်းကြတယ်။ ခက်ခဲနေတဲ့အချိန်မှာ ဒီလိုမျိုး ဆန်၊ ဆီလေး ရသွားတဲ့အတွက် အထောက်အပံ့လေး တော့ ဖြစ်တာပေါ့”လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ (၁) ဦးအေးကြူလေးက MT Entertainment ကို ပြောပါတယ်။
၁၆ ကြိမ်မြောက် ဆန်၊ ဆီ၊ကြက်သွန်နီ၊ ငါးသေတ္တာ စတဲ့ စားသောက်ကုန် ထောက်ပံ့လှူဒါန်းနိုင်ဖို့အတွက် Trust Double 9 သောက်ရေသန့်က ဆန်၊ ဆီတွေကို အဓိကလှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် သရုပ်ဆောင် နော်ဖောအယ် ထားက ငွေ ကျပ် ၃၀ သိန်း၊ သရုပ်ဆောင် အေးချမ်းမောင်က ငွေကျပ် ၁၀ သိန်း၊ သရုပ်ဆောင် အိချောပိုက ငွေ ကျပ် ၂၅ သိန်း၊ သရုပ်ဆောင် ဆောင်းယွန်းစံက ငွေကျပ် ၂၅ သိန်း၊ သရုပ်ဆောင် ဇင်ချိုခိုင်ဦးက ငွေကျပ် ၁ သိန်းစတဲ့ သူတွေနဲ့အတူ အလှူရှင်တွေရဲ့ လှူဒါန်းငွေ စုစုပေါင်း ကျပ်သိန်း ၁၀၀ နီးပါး ရရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။
၁၆ ကြိမ်မြောက် လှူဒါန်း ဝေငှမှုတွေကိုတော့ အုပ်ချုပ်အလွှာ၊ ဖြန့်ချိအလွှာ၊ ဗီဒီယို အလွှာ၊ အဓိက သရုပ် ဆောင်အလွှာနဲ့ ဒါရိုက်တာအလွှာ၊ ဇာတ်ညွှန်းအလွှာ၊ တည်းဖြတ်အလွှာ၊ ပြဇာတ်နောက်ခံ တေးဂီတအလွှာနဲ့ ထုတ်လုပ်သူအလွှာ၊ စက်မှုအလွှာ၊ ဇာတ်ပို့၊ ဇာတ်ရံအလွှာတို့က လောကသားတွေကို ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ငါး သေတ္တာဗူးစတဲ့ စားသောက်ကုန်တွေကို လာမယ့် ဇန်နဝါရီလ တတိယအပတ်လောက်မှာ လှူဒါန်းသွားမှာ ဖြစ်ပါတယ်။