၃. ၁. ၂၀၂၅
Written by Nay Moe
ဆိုင်ကယ်တစ်စီးနဲ့ရောက်လာတဲ့ PDF နှစ်ဦးက သေနတ်နဲ့ပစ်သတ်လို့ အမရပူရမြို့နယ်၊ မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူး သေဆုံးသွားခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က အခုထုတ်ပြန်ပါတယ်။
ဖြစ်စဥ်က ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ ည ၆ နာရီ ၂၀ မိနစ်မှာ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မြို့မရပ်ကွက်မှာ သေနတ်နဲ့ပစ်ခတ်ခံရလို့ အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးခဲ့ရာမှာ အဆိုပါရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစောနေထွန်း(၄၂)နှစ်ဟာ မြို့မရပ်ကွက်၊ ရန်ကင်းလမ်းရှိ ဂျပ်ဝမ်းစတိုးဆိုင်ရှေ့ရှိနေချိန် PDF နှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးနဲ့ ရောက်ရှိလာပြီး သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်သွားခဲ့လို့ ဦးစောနေထွန်းဟာ ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ပါတယ်။
လက်ရှိမှာတော့ ဦးစောနေထွန်းကို သတ်ဖြတ်တဲ့ မန္တလေး PDF အဖွဲ့တွေက ဝန်ခံချက်ထုတ်ပြန်ထားခြင်းမရှိသေးသလို တရားခံလည်း ဖမ်းဆီးနိုင်မှုမရှိသေးဘူးလို့ သိရပါတယ်။
နွေဦးတော်လှန်ရေးလေးနှစ်အတွင်း NUG ၊ PDF နဲ့ EAOs တွေက ရဟန်းသံဃာ၊ သီလရှင်နဲ့ ဆရာ၊ ဆရာမတွေ ကလေးသူငယ်တွေနဲ့ ဆရာဝန်၊ သူနာပြုပါမချန် သူတို့မထောက်ခံသူမှန်သမျှနဲ့ နိုင်ငံ့ဝန်ထမ်းတွေ ရပ်ကျေးတွေအားလုံးကို “သူလျှို၊ ဒလန်၊ နစကယန္တရားလည်ပတ်စေသူ”အမည်တပ်ပြီး သတ်ဖြတ်လုယက်မှုကျူးလွန်ထားတာ လူပေါင်း ၁၀၀၀၀ ထက်မနည်း သတ်ဖြတ်လုယက်ခံထားရပါတယ်။