၃.၁.၂၀၂၅
Written By Thandar
သာသနာပြုဘွဲ့ ၃ ဘွဲ့ရ အိမ်ထောင်ရှင်အလှမယ် ပရဟိတ နယ်လှည့်ဆေးကုဆရာမ မြတ်သစ္စာရဲ့ မွေးနေ့မင်္ဂလာကို ယနေ့ ဇန်နဝါရီ ၃ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ကျင်းပခဲ့ရာ အနုပညာအသိုင်းအဝိုင်းက တက်ရောက်ချီးမြှင့်ခဲ့ကြပါတယ်။
“အမှန်ကတော့ ကျွန်မရဲ့ မွေးနေ့က ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့မှပါ။ ဒါပေမယ့် ရုပ်ရှင်အစည်းအရုံးက မနက်ဖြန် ရုံးပိတ်ရက်မို့ မွေးနေ့ကျင်းပဖြစ်လိုက်တာပါ။ မွေးနေ့မှာ သံဃာတော်တွေကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့တယ်။ ရုပ်ရှင်အစည်းအရုံးက ကိုယ့်ကိုကြည့်ရှုစောင့်ရှောက်တဲ့ မိသားစု မိဘသဖွယ်ဖြစ်နေတာကြောင့်မို့ မနေ့က လာကန်တော့ဖြစ်တယ်။ ရုပ်ရှင်အစည်းအရုံးကလည်း မွေးနေ့ကိတ်ပြန်ခွဲပေးတဲ့အတွက် ဝမ်းသာရပါတယ်” လို့ ပရဟိတ နယ်လှည့်ဆေးကုဆရာမ မြတ်သစ္စာက ပြောပါတယ်။
အဆိုပါ အခမ်းအနားကိုတော့ အသောကရာမ ကျောင်းတိုက်က ဆရာတော်တွေ သံဃာတော်တွေ၊ စာသင်ကျောင်းတိုက်က ဆရာတော်တွေကို ကြက်ဆီထမင်း၊ ခေါက်ဆွဲကြော်၊ ကြာဇံကြော်၊ ထမင်းကြော်၊ အအေး၊ အချိုပွဲစတာတွေနဲ့ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါတယ်။
အနုပညာရှင်တွေဖြစ်တဲ့ ဦးအောင်လွင်၊ ဦးနှင်းမိုး၊ အကယ်ဒမီ အောင်ခိုင်၊ ဦးအေးကြူလေး၊ အကယ်ဒမီဒါရိုက်တာ ဇော်မြင့်ဦး၊ ဒါရိုက်တာ ဦးကျော်ဟိန်းကျော်၊ ဒါရိုက်တာ ရှုမဝ ဦးတင်ငြိမ်း၊ အကယ်ဒမီ ချိုပြုံး၊ မတူး၊ အေဝမ်းသိန်းထွဋ်၊ ရန်ကင်းကိုကိုလေး၊ အကယ်ဒမီ ဇာတ်ညွှန်းငြိမ်းမင်း၊ အကယ်ဒမီ တင်ဆန်း၊ ကိုမြင့်(သမန်းကျား)၊ အိမ်ထောင်ရှင်အလှမယ် အေးအေးမွန်၊ တေးသံရှင် ရွှေရုပ်လွှာ စတဲ့သူတွေကို ဧည့်ခံကျွေးမွေးပြီး မွေးနေ့ကိတ်ခွဲခဲ့ကြပါတယ်။
စာရေးဆရာမမြတ်သစ္စာက လက်ရှိမှာလည်း နယ်လှည့် ဆေးကုသတာတွေအပြင် ပရဟိတလုပ်ငန်းတွေကိုလည်း ၂၀၂၅ မှာ အကောင်းဆုံး စွမ်းစွမ်းတမံထပ်မံ ဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်။