◾ PDF ထိန်းချုပ်နယ်မြေမှာ NUG ရဲ့ ကောလင်းသယံဇာတကော်မတီအတွင်းရေးမှူး ဦးခေါင်းကို ပစ်ခတ်သတ်ဖြတ်ခံရ၊ NUG ၏ ပသုံးလုံးနှင့် အဆင်မပြေပါက အပျောက်ရှင်းခံရမှု ၈ ဦးထက်မနည်းရှိလာပြီး တစ်ဦးမှတရားခံမပေါ်
နေမိုး
၃. ၁. ၂၀၂၅
PDF ထိန်းချုပ်နယ်မြေမှာ NUG ရဲ့ ကောလင်းသယံဇာတကော်မတီအတွင်းရေးမှူး ကိုအရိန္ဒမာဆိုသူရဲ့ ဦးခေါင်းကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံရမှု ထပ်ဖြစ်ပွားလာပြန်ပြီး NUG ရဲ့ ပသုံးလုံးနဲ့ အဆင်မပြေလို့ အပျောက်ရှင်းခံရမှု ၈ ဦးထက်မနည်းရှိလာပေမဲ့ တစ်ဦးမှတရားခံမပေါ်ခဲ့ပါဘူး။
ကိုအရိန္ဒမာ အသတ်ခံရတဲ့ ဖြစ်စဥ်က မနေ့က ဇန်နဝါရီ ၂ ရက် နေ့လယ်မှာ ရှမ်းကလုံးကျေးရွာနဲ့ ရွှေတွင်းကျေးရွာကြားမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကနဦးက ဆိုင်ကယ်မှောက်လို့ သေဆုံးတယ်လို့ သတင်းလွှင့်ခဲ့ပေမဲ့ လက်တွေ့မှာတော့ ဦးခေါင်းကို ကျည်နဲ့တေ့အပစ်ခံရလို့ သေဆုံးခဲ့တာပါ။
“ကောလင်းမြို့နယ် သယံဇာတကော်မီတီ အတွင်းရေးမှူး ဆရာအရိန္ဒာမာ ရှမ်းကလုံးကျေးရွာနှင့် ရွှေတွင်းကျေးရွာကြားတွင် မနေ့က လုပ်ကြံသတ်ဖြတ်ခံရပါတယ်။ အစပိုင်းမှာတော့ ဆိုင်ကယ်အက်စီးဒင့် ကြောင့်လို့ သတင်းပို့လာပေမယ့်၊ စစ်ဆေးချက်အရ သေနတ်ပစ်ခံထားရတာဖြစ်ကြောင်း အတည်ပြုပါတယ်။ အင်မတန် အလုပ်ကြိုးစားတဲ့ စာအုပ်ကြီးသမား CDM (ECD ဦးစီးအရာရှိ) ဝန်ထမ်းကောင်းတစ်ယောက် ဆုံးရှူံးရလို့ MONREC ရုံးအဖွဲ့သားများနှင့် လုပ်ဖော် ကိုင်ဖက် မိတ်ဆွေ အားလုံးလည်း မိသားစုနှင့်အတူ ဝမ်းနည်းရပါကြောင်း ဖော်ပြလိုပါတယ်။ မိသားစုမှာ သမီးလေးတစ်ယောက်ကျန်ခဲ့တယ်။ ပူဆွေးသောကကို အများသိအောင် ဖေါ်ပြလို့တောင်မရတဲ့ ဘဝတွေပါ။ အလုပ်လုပ်တဲ့နေရာမှာ ဆရာ့ရဲ့ တိကျသေချာမှု၊ စနစ်ကျမှု၊ အကတိကင်းမှုတန်ဖိုးတွေကို အမြဲအမှတ်ရနေမှာပါ။ ခေတ်စနစ်ဆိုးထဲမှာ အလင်းတန်းတဖွယ် လင်းလက်နေပေမယ့် အလင်းဒဏ်မခံနိုင်တဲ့ လူတချို့ကြောင့် တန်ဖိုးမဖြတ်နိုင်တဲ့ ဝန်ထမ်းကောင်း တစ်ယောက် ဆုံးရှုံးရတာဟာ တော်လှန်ရေးအစိုးရတရပ်အတွက် ဆုံးရှုံးမှုကြီးဖြစ်ပါတယ်။ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်(သတ်ပုံမူရင်း)”လို့ NUG ရဲ့ သယံဇာတဝန်ကြီး ဒေါက်တာတူးခေါင်က ဆိုပါတယ်။
ကိုအရိန္ဒမာဟာ အရင်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ဦးစီးအရာရှိဘဝကနေ NUG ကို ကိုးစားပြီး CDM လုပ်ကာ ကောလင်းမြို့နယ် သယံဇာတ ကော်မီတီ အတွင်းရေးမှူးအဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး သူ့ရဲ့ စာအုပ်ကြီးဆန်မှုဟာ သစ်ခိုးထုတ်မှု၊ သစ်မှောင်ခိုမှုတွေနဲ့ နာမည်ပျက်နေတဲ့ ကောလင်းပကဖအပါအဝင် မှောင်ခိုမှုတွေများပြားတဲ့ စစ်ကိုင်းတိုင်းက ပသုံးလုံးတွေအတွက် ဆူးညှောင့်ခလုတ်ဖြစ်နေတာကြောင့် ရှင်းလင်းခံရတာလို့ ယူဆကြတာပါ။ ဒါ့အပြင် ကိုအရိန္ဒမာအသတ်ခံရတဲ့ ရွှေတွင်းရွာနဲ့ ရှမ်းကလုံးရွာဟာ PDF တွေ ကြီးစိုးထိန်းချုပ်ထားတဲ့ နေရာဖြစ်လို့ သတ်ဖြတ်သူတွေဟာ အာဏာရူးနေတဲ့ ပသုံးလုံးတွေဖြစ်မယ်လို့လည်း ခန့်မှန်းနေပါတယ်။
“ရွှေတွင်းဆိုတာ ငါတို့ရွာပါ ဒလန်မရှိဘူး ပျူမရှိဘူး အာဏာရူးတေရဲ့လက်ချက်ဘဲ ဖြစ်ရမယ် (သတ်ပုံမူရင်း)”လို့ Pyae Phyo အကောင့်ပိုင်ရှင်က ဒေါက်တာတူးခေါင်ရဲ့ ပို့စ်အောက်မှာ ပသုံးလုံးကို ရည်ညွှန်းမှတ်ချက်ပြုပါတယ်။
PDF ကြီးစိုးထိန်းချုပ်ထားရာနေရာတွေမှာ တရားခံမပေါ်ဘဲ အပျောက်ရှင်းခံရတဲ့ ဖြစ်စဉ်တွေ များသထက်များလာသလို ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်ကလည်း ကိုအရိန္ဒမာလို့ CDM လုပ်လာတဲ့ စာအုပ်ကြီးသမား ကျောင်းဆရာဦးဝင်းဌေးမိသားစုကို သုံးလသမီးပါမချန် မိသားစုလိုက်ကို အင်မတန်ရုပ်ဆိုးလှတဲ့ဖြစ်စဉ်အဖြစ် ရက်စက်စွာလည်လှီးသတ်ဖြတ်မှု ဖြစ်ပွားခဲ့ပါသေးတယ်။ သုံးလသမီးပါမချန် မိသားစုလိုက်ကို လည်လှီးသတ်တဲ့ သုံးလောင်းပြိုင်လူသတ်မှုက ကနီမြို့နယ် တပုန်းရွာမှာဖြစ်ပြီး အသတ်ခံရသူက နိုင်ငံ့ဝန်ထမ်း ကျောင်းဆရာဘ၀ကနေ CDM လုပ်ပြီး NUG ကနီမြို့နယ်ပညာရေးတာဝန်ခံလုပ်နေတဲ့ ကျောင်းဆရာ ဦးဝင်းဌေးမိသားစုကို သတ်ဖြတ်လိုက်တာပါ။
ဖြစ်စဉ်က နိုဝင်ဘာ ၄ ရက် ညပိုင်းအချိန် NUG ရဲ့ ကနီမြိုနယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဦးဝင်းဌေးဟာ တပုန်းကျေးရွာနေအိမ်အတွင်းမှာ ဇနီးသည် ဒေါ်ခြိမ့်ခြိမ့်သဲဝေ၊ သုံးလအရွယ်သမီးငယ် မရွှေဝတ်ရည်လွှာတို့နဲ့အတူ ရက်စက်စွာ မတရားသတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး အဲဒီတပုန်းရွာဟာ PDF နဲ့ ပသုံးလုံးတွေ လက်နက်ကိုင်ထိန်းချုပ်ထားရာ ရွာဖြစ်တာကြောင့် လူသတ်တရားခံတွေဟာ PDF တွေ ပသုံးလုံးတွေကလွဲရင် တခြားသူဖြစ်စရာမရှိဘူးလို့လည်း ဝေဖန်မှုတွေရှိနေသလို ဒီနေ့အထိလည်း တရားခံမပေါ်သေးပါဘူး။ တရားခံပေါ်ဖို့ကလည်း ဖြစ်လာနိုင်ဖွယ်မရှိတော့ဘူးလို့ သတ်မှတ်ထားကြပြီး ဘာလို့ အဲဒီလိုသတ်မှတ်လဲဆိုရင် ဦးဝင်းဌေးဟာ ပသုံးလုံးရဲ့ မူးယစ်၊ သစ်မှောင်ခိုနဲ့ မတရားမှုတွေကို NUG ထံ တိုင်စာပို့လိုက်တာကြောင့် ပသုံးလုံးက လက်စဖျောက်လိုက်တာလို့ ယူဆထားတာကြောင့်ပါ။
ကျောင်းဆရာဦးဝင်းဌေးမိသားစုလိုပဲ PDF ထိန်းချုပ်ထားရာနယ်မြေထဲမှာပဲ နိုင်ငံရေးစိတ်မဝင်စားတဲ့ ဆရာတော်တစ်ပါးကို PDF တွေ ကြီးစိုးထိန်းချုပ်ထားတဲ့ ရွာမှာ မျက်နှာဖုံးစွပ်လူလေးဦးက ကျည်တစ်ဘောက်လုံးကုန်အောင် ဆွဲပြီး ပစ်ခတ်မှုလည်း အောက်တိုဘာ ၃၁ ရက်ညက ဖြစ်ပွားခဲ့ပါသေးတယ်။
အဲဒီဖြစ်စဉ်က ရေဦးမြိုနယ်၊ အုန္နဲပေါင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းက သက်တော် ၄၄ နှစ်အရွယ် ကျောင်းထိုင် ဆရာတော် အရှင်ဣန္ဒကသီရိကို မျက်နှာဖုံးစွပ်ထားသူတွေက သတ်သွားကြတာဖြစ်ပြီး ဖြစ်စဉ်ဖြစ်ရာက PDF တွေချည်းရှိနေတဲ့နေရာဖြစ်နေတာ၊ လူမမှတ်မိအောင် မျက်နှာဖုံးစွပ်ထားတာကြောင့် ဒီဖြစ်စဉ်ကိုလည်း PDF တွေကျုးလွန်တယ်လို့ ယူဆနေကြတာပါ။
NUG ဟာ သူ့ ဩဇာခံ PDF တွေနဲ့ ပသုံးလုံးလို့ အမည်တပ်ခံရတဲ့ ပကဖ၊ ပအဖ၊ ပလဖ အဖွဲ့တွေ သေနတ်ကိုင်ရမ်းကားတာကို ထိန်းချုပ်နိုင်မှုမရှိတဲ့ ပြည်ပထွက်ပြေး၊ လေလှိုင်းအစိုးရအဖွဲ့သာဖြစ်တာကြောင့် လတ်တလောမှာဆိုရင်လည်း LPDF တွေကို၊ NUG ဩဇာမခံတဲ့ လက်နက်ကိုင်တွေကို ဖမ်းဆီးသတ်ဖြတ်မှုအပြင် သက်ငယ်မုဒိမ်းမှုတွေ၊ မုဒိမ်းမှုတွေ ခိုးဖွက်လုယက် အိမ်ဖောက်ထွင်းမှုတွေလည်း PDF ထိန်းချုပ်နယ်မြေမှာ ဗရပွဖြစ်လာနေတာပါ။
အခုလို ဦးဝင်းဌေးမိသားစု၊ ဆရာတော်အရှင်ဣန္ဒကသီရိတို့ဖြစ်စဉ်တွေအပြင် ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်ကလည်း NUG ရဲ့ ပသုံးလုံး လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ ဝက်လက်မြို့နယ် စိုင်နိုင်ကြီးရွာမှာ ပကဖတွေကို ဆန္ဒပြဖူးတဲ့ ဗကသအဖွဲ့ဝင် ကိုးတန်းကျောင်းသား မောင်မြင့်မြတ်ဦး လည်လှီးအသတ်ခံခဲ့ရတာ၊ မေလ ၂၃ ရက်မှာလည်း ပုလဲပအဖခေါင်းဆောင် ဇော်ထက်ရဲ့ အိမ်မှာ ပုလဲပလဖ သတင်းပြန်ကြားရေး တာဝန်ခံ ပုလဲမောင် ရိုက်နှက်သတ်ဖြတ်ခံရတာ၊ ဩဂုတ်လ ၂၇ ရက်ကလည်း စစ်ကိုင်းတိုင်း၊ အရာတော်မြိုနယ်မှာ ရတနာပုံတော်လှန်ရေးတပ်ဖွဲ YRF ရဲ့ ဗဟိုဦးဆောင်အဖွဲ့ဝင်နဲ့ ဘဏ္ဍာရေးတာဝန်ခံ အသက် (၂၈)နှစ်အရွယ် ကိုသန်းထိုက် (ခ) ကိုညီညီ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသေးတာပါ။
ဒီဖြစ်စဥ်အားလုံးလိုလိုဟာ NUG ရဲ့ ပသုံးလုံးအဖွဲ့တွေ ကျူးလွန်တဲ့ အခြေအနေတွေဖြစ်နေသလို တရားခံတွေ ဖော်ထုတ်ပေးဖို့ NUG ကို ပြည်သူတွေက ဆန္ဒပြတောင်းဆိုမှုတွေရှိပေမဲ့လည်း ဒီနေ့အထိ တရားခံပေါ်ပေါက်မှုမရှိသလို PDF အုပ်ချုပ်မှ တည်ငြိမ်မယ်၊ ဒီမိုကရေစီရမယ်ထင်နေတဲ့သူတွေအဖို့လည်း နောက်ဘုန်းကြီးက ၂ ချက်အတီးခံနေရတဲ့ ဘ၀ကိုပဲ လည်စင်းခံနေကြရတော့တာအသေအချာဖြစ်ပြီး ပြည်ပပြေးပြီး ဇိမ်ခံနေကြတဲ့ NUG ဝန်ကြီးတွေကလည်း မြေပြင်က လက်နက်အားကိုးနဲ့ ဇောင်းကြွလာတဲ့ PDF တွေကို မထိန်းကျောင်းနိုင်တော့တာလည်း အသေအချာပါပဲ။