၃.၁.၂၀၂၅.
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း၊ ဖူလာတန်မြို့လေဆိပ်အနီးတွင် ဇန်နဝါရီလ ၂ ရက်က လေယာဉ်ငယ်တစ်စီးက မြေပြင်ရှိ ပရိဘောဂစက်ရုံတစ်ခု၏အမိုးကိုဖောက်၍ ပျက်ကျခဲ့ရာ လူနှစ်ဦးသေဆုံးပြီး ၁၈ ဦးဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
သေဆုံးသူများက လေယာဉ်နှင့်လိုက်ပါလာသည့်သူများလော၊ မြေပြင်မှလော သေချာစွာမသိရသေးသလို ၎င်းတို့မည်သူမည်ဝါဖြစ်သည်ကိုလည်း မသိရသေးကြောင်း ဖူလာတန်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ခရစ်စတီးဝဲလ်က ပြောခဲ့သည်။
လေယာဉ်ငယ်က ဖူလာတန်လေဆိပ်မှပျံတက်လာပြီးနောက် နှစ်မိနစ်အတွင်းမှာပင် ပျက်ကျခဲ့ခြင်းဖြစ်ပြီး ပျက်ကျနေရာက Disneyland Resort အပန်းဖြေစခန်းနှင့် ခြောက်မိုင်(၁၀ကီလိုမီတာ) ခန့်သာဝေးကြောင်းလည်း သိရသည်။
ဘီးထုတ်လုပ်သည့်စက်ရုံတစ်ခုဖြစ်သည့် Rucci Forged ကုမ္ပဏီမှ လုံခြုံရေးကင်မရာတစ်ခု၏ရိုက်ကူးထားချက်အရ လေယာဉ်ငယ်က ယိမ်းစောင်းကာ ပရိဘောဂစက်ရုံသို့ထိုးကျသွားခဲ့ပြီးနောက် မီးခိုးလုံးကြီးများထွက်လာကာ မီးလောင်ခဲ့သည်ကို တွေ့ကြရသည်။ ထို့နောက်တွင်မူ မီးသတ်သမားများနှင့် ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာကာ မီးကိုငြှိမ်းသတ်ခဲ့ကြပြီး ပတ်ဝန်းကျင်ရှိလုပ်ငန်းများတွင် ထိခိုက်ဒဏ်ရာရသူများကိုကယ်တင်ခဲ့ရကြောင်း ဝဲလ်က ပြောခဲ့သည်။
ဖူလာဟန်လေဆိပ်မှ အလုပ်သမားတစ်ဦးဖြစ်သည့် ခရစ်ဗီလာလိုဘိုစ်က လေယာဉ်ပျက်ကျမှုကို လာရောက်ကြည့်ရှုပြီးနောက် ထိုလေယာဉ်ပိုင်ရှင်မှာ ဖူလာဟန်လေဆိပ်မှ မကြာခဏဆိုသလိုပင် လေယာဉ်ပျံတက်လေ့ရှိသူဖြစ်ကြောင်း ပြောခဲ့သည်။ လေယာဉ်ပိုင်ရှင်မှာ လေဆိပ်တွင်လေယာဉ်ထားရန် လေယာဉ်ရုံရှိကြောင်း၊ ပျံတက်သွားပြီးနောက် လေယာဉ်မှူးက ၎င်းအနေဖြင့် အရေးပေါ်ဆင်းသက်တော့မည်ဖြစ်သည်ဟု လေဆိပ်လေယာဉ်ထိန်းချုပ်ရေးသို့ အကြောင်းကြားခဲ့ကြောင်း၊ လေယာဉ်နှင့်ပတ်သက်၍ မည်သည့် ချို့ယွင်းမှုဖြစ်သည်ကို ရှင်းရှင်းလင်းလင်းမသိကြောင်း ခရစ်က ပြောခဲ့သည်။
လေယာဉ်ပျက်ကျသည့် ပရိဘောဂစက်ရုံတွင် အလုပ်လုပ်နေသူ ၂၀၀ ခန့်ရှိပြီး ၎င်းတို့အနက် ဆယ်ဦးမှာ လေယာဉ်ပျက်ကျမှုတွင် ဒဏ်ရာများရ၍ ဆေးရုံတင်ခဲ့ရသည်။ ဒဏ်ရာရသူ ကျန်ရှစ်ဦးကိုမူ နေရာတွင်ပင် ကုသမှုပေးနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောခဲ့သည်။
ပျက်ကျလေယာဉ်မှာ အင်ဂျင်စက်တစ်လုံးတပ် လူလေးယောက်စီး Van’s RV-10 လေယာဉ်အမျိုးအစား ဖြစ်ကြောင်း သိရသည်။
Ref- AP