၃.၁.၂၀၂၅
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ကိုဗစ်ရောဂါဗိုင်းရပ်ပိုးစတင်ပျံ့နှံ့မှုဖြစ်ပွားတာ ငါးနှစ်ခန့်အကြာ အခုအခါမှာတော့ တုပ်ကွေးရောဂါနဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုလက္ခဏာတွေနဲ့လည်း ဆင်တူတယ်ဆိုတဲ့ Human Metapneumovirus (HMPV) ဗိုင်းရပ်ပိုးက လျင်မြန်စွာပျံ့နှံ့နေတယ်လို့ သတင်းတွေကဖော်ပြခဲ့ကြပါတယ်။
သတင်းတွေနဲ့ လူမှုကွန်ရက် ဖော်ပြချက်တွေမှာ တရုတ်နိုင်ငံအတွင်း HMPV ဗိုင်းရပ် လျင်မြန်စွာပျံ့နှံ့နေမှုကြောင့် ဆေးရုံတွေနဲ့ မီးသင်္ဂြိုဟ်စက်တွေမှာ ပိုမိုပြီးလူတွေများနေရတယ်လို့တောင် အချို့က ဆိုလာကြပါတယ်။ အွန်လိုင်းဗီဒီယိုတွေမှာလည်း ဆေးရုံတွေမှာ လူတွေပြည့်ကျပ်နေတာတွေ့လာရပါတယ်။ တချို့က တုပ်ကွေးရောဂါ A၊ HMPV၊ အသက်ရှုလမ်းကြောင်း ပိုးဝင်စေတဲ့ Mycoplasma pneumoniae အဆုတ်ရောင်ရောဂါနဲ့ ကိုဗစ်-၁၉ ရောဂါပေါင်းစုံတို့ ကူးစက်ဖြစ်ပွားနေတယ်လို့ ပြောလာကြပါတယ်။
တရုတ်အစိုးရက ရောဂါဖြစ်ပွားမှုတွေကြောင့် နိုင်ငံကို အရေးပေါ်အခြေအနေကြေညာခဲ့ပြီလို့တောင် တချို့က ပြောကြပါတယ်။ ဒါပေမယ့် တရားဝင် အတည်မပြုနိုင်သေးပါဘူး။ HMPV ဗိုင်းရပ်ကူးစက်မှုကြောင့် တုပ်ကွေးနဲ့ ဆင်တူတဲ့ ရောဂါလက္ခဏာတွေရော၊ ကိုဗစ်-၁၉ နဲ့ ဆင်တူတဲ့လက္ခဏာတွေပါ တွေ့ရတတ်ပါတယ်။ ဒါကြောင့်လည်း အခုအခါ ကျန်းမာရေးအရာရှိတွေအနေနဲ့ ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှု အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေရတယ်လို့လည်း ဆိုပါတယ်။ လူမှုကွန်ရက် X ကတော့ အခုဆိုရင် တရုတ်နိုင်ငံမှာ ကလေးဆေးရုံတွေဟာ အဓိကအားဖြင့် အဆုတ်ယောင်ရောဂါ ခံစားရသူ ကလေးတွေနဲ့ ပြည့်ကျပ်နေပြီလို့ ဖော်ပြထားပါတယ်။
အမျိုးသားရောဂါထိန်းချုပ်ရေးနဲ့တားဆီးရေးစီမံကွပ်ကဲမှုအဖွဲ့ က ဓာတ်ခွဲခန်းတွေကို ရောဂါနဲ့ပတ်သက်လို့ အစီရင်ခံတင်ပြဖို့နဲ့ ရောဂါထိန်းချုပ်ရေးနဲ့ စစ်ဆေးရေးအေဂျင်စီတွေကို ရောဂါစစ်ဆေးဖို့နဲ့ ကိုင်တွယ်ဖို့ လုပ်ထုံးလုပ်နည်းတစ်ရပ် ချမှတ်ပေးသွားမယ်လို့ သတင်းစာရှင်းပွဲတစ်ရပ်မှာ ပြောခဲ့ပါတယ်။ ဇန်နဝါရီလ ၂ ရက်က တရားဝင်ထုတ်ပြန်ကြေညာချက်တစ်ခုအရ ဒီဇင်ဘာလ ၁၆ ရက်မှ ၂၂ ရက်အတွင်း ရက်သတ္တပတ်မှာ ပြင်းထန်အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေ တရုတ်နိုင်ငံမှာ ကူးစက်ဖြစ်ပွားမှုဟာ လုံးဝမြင့်တက်နေတယ်လို့ သိရပါတယ်။
အခြားသောတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Kan Biao ကလည်း တရုတ်နိုင်ငံမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေဟာ ဆောင်းကာလနဲ့ နွေဦးကာလတို့မှာဖြစ်တတ်ပြီး ဒီနှစ်ဖြစ်ပွားမှုက မနှစ်ကထက်လျော့နည်းမှာဖြစ်ပါတယ်လို့ သတင်းစာရှင်းပွဲမှာပြောခဲ့ပါတယ်။ ဒါပေမယ့် သူကအချက်အလက်အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောကြားမှုမရှိခဲ့ပါဘူး။
မကြာမီက စစ်ဆေးတွေ့ရှိရတဲ့အထိ Rhinovirus နဲ့ HMPV ဗိုင်းရပ်တို့အပါအဝင် ရောဂါဖြစ်ပွားစေတဲ့ ဗိုင်းရပ်နဲ့ ဘက်တီးရီးယားပိုးတွေကို တရုတ်နိုင်ံမှာတွေ့ခဲ့ရပါတယ်။ အသက် ၁၄ နှစ်အောက် ကလေးငယ်တွေအကြား HMPV ဗိုင်းရပ်ကူးစက်မှုကနိုင်ငံမြောက်ပိုင်း ပြည်နယ်တွေမှာ အထူးသဖြင့် လျင်မြန်စွာဖြစ်ပွားနေရပါတယ်။
Ref- NDTV