MT News
၃.၁. ၂၀၂၅
ကမ္ဘောဇဘဏ်အသုံးပြုသူ ပြည်သူများသုံးစွဲနေသော K Pay မှ ကျပ်သိန်းပေါင်းများစွာ ငွေလိမ်ခံရမှုဖြစ်စဥ်များမှာ ဖုန်းဟန်းဆက်ပြောင်းလဲချိန်တွင် ဖြစ်ပွားခဲ့သည်ဟု KBZ Pay က ယနေ့တွင် ဗဟိုဘဏ်၏ ထုတ်ပြန်ချက်ကို ကိုးကားကာ ဖြေရှင်းချက် ထပ်မံထုတ်ပြန်လာသည်။
ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်တွင် KBZ Pay အကောင့်အသုံးပြုသူများ၏ အကောင့်အတွင်း ဝင်ရောက်၍ အကောင့်ပိုင်ရှင်မသိမီ ကျပ်သိန်းဆယ်ချီကို လိမ်လည်သူများက လွှဲပြောင်းရယူသွားမှုဖြစ်စဥ်များနှင့် ပတ်သက်၍ K Pay အသုံးပြုသူများ၏ ငွေကြေးဆုံးရှုံးမှုမဖြစ်စေရန် တာဝန်ခံကြောင်းနှင့် ဗဟိုဘဏ်ကြီးကြပ်မှုဖြင့် လက်ရှိဖြစ်စဥ်များ ဖော်ထုတ်မည်ဖြစ်ကြောင်း KBZ Pay က ထုတ်ပြန်အသိပေးခဲ့ပြီးနောက် ထပ်မံထုတ်ပြန်လာခြင်းဖြစ်သည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ထုတ်ပြန်ချက်တွင် “ဘဏ်နှင့်မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများနှင့် ဆက်စပ်ဆောင်ရွက်ရသည့် မိုဘိုင်းကွန်ရက်ဝန်ဆောင်မှုပေးသူများ (Mobile Network Operator) မှတစ်ဆင့် ၎င်းတို့၏ တစ်ဆင့်ခံဝန်ဆောင်မှုပေးသူ (Third Party Service Provider) များ၏စနစ်အား နည်းပညာဖြင့် ဖောက်ထွင်းယူခြင်းများဆောင်ရွက်ပြီး၊ သုံးစွဲသူများ၏ မိုဘိုင်းငွေကြေးများအား ဖောက်ထွင်းရယူ၍ လိမ်လည်ခြင်းများ ဆောင်ရွက်လာကြကြောင်း တွေ့ရှိရပါသည်။” ဟု ဖော်ပြထားသည်။ ဖြစ်စဉ်များကို KBZPay မှ ဆက်လက်စုံစမ်းစစ်ဆေးရာတွင် ဖုန်းဟန်းဆက်ပြောင်းလဲသည့် (Device Change) လုပ်ငန်းစဉ်ကိုသာ သက်ရောက်မှုရှိပြီး အဆိုပါဖြစ်စဉ် ၃၁ ခုကို တွေ့ရှိခဲ့ရသည်ဟု KBZ Pay ၏ ထုတ်ပြန်ချက်က ဆိုသည်။
K Pay လိမ်လည်မှုဖြစ်စဥ်တွင် Ooredoo ဆင်းမ်ကတ်များမှ ဖြစ်ပွားသည်ဟုလည်း အသုံးပြုသူများက မှတ်ချက်ပြုကြသဖြင့် “ယခုအခါတွင် အချို့ Operator များ၏ ဖုန်းဟန်းဆက်ပြောင်းလဲမှုများ (Device Change) ကို ခေတ္တရပ်တန့်၍ System maintenance ပြုလုပ်နေပြီး ၂၀၂၅၊ ဇန်နဝါရီလ ၇ ရက်နေ့တွင် ဖုန်းဟန်းဆက်ပြောင်းလဲမှုလုပ်ငန်းစဉ် (Device Change) ကို ပြန်လည်စတင် အသုံးပြုနိုင်မည် ဖြစ်ပါသည်”ဟုလည်း KBZ Pay က အသိပေးသည်။
ထို့အပြင် KBZPay အနေဖြင့် မိုဘိုင်းငွေကြေး လုံခြုံရေးဆိုင်ရာ လုပ်ငန်းများကို အစဉ်တစိုက် လုပ်ဆောင်နေပြီး Mobile Network Operator များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကာ စုံစမ်းစစ်ဆေးနေစဉ်ကာလအတွင်း အသုံးပြုသူ ၃၁ ဦး၏ ငွေကြေးဆုံးရှုံးမှု မရှိစေရန် KBZPay မှ ကြိုတင်အစားထိုး စိုက်ထုတ်ပေးမှုများကို ၂၀၂၄၊ ဒီဇင်ဘာလ ၃၁ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားသည်။
KBZ Pay အကောင့်များမှ ငွေများ လိမ်လည်ထုတ်ယူခံရမှုဖြစ်စဥ်များတွင် ဘဏ်နှင့်ချိတ်ထားသော အကောင့်များမှ K Pay သို့လွှဲပြောင်းကာ အခြားအကောင့်များသို့ ငွေလွှဲခြင်း၊ iTune Card များကဲ့သို့ လက်ဆောင်များ၊ ဘေလ်များ ဝယ်ယူခြင်းစသဖြင့် ခိုးယူကြကာ ထိုသို့ အကောင့်ပိုင်ရှင်ဆီ OTP ကျမလာ၊ မည်သည့်လင့်ခ်မှ မဝင်မိဘဲ ခိုးယူခံရမှုမှာ ဝန်ထမ်းအချို့၏ ပါဝင်ပတ်သက်မှုရှိနိုင်ကြောင်း လူမှုကွန်ရက်တွင် သုံးသပ်ကြပြီးနောက် KBZ Pay က ထိုသို့ ဖြေရှင်းပေးနေခြင်းဖြစ်သည်။