၃. ၁.၂၀၂၅
Written by KL
အရက်မူးနေသော အိမ်နီးချင်းအမျိုးသားက က, ချင်၍ သီချင်းဖွင့်ခိုင်းသဖြင့် အိမ်ရှင်မိသားစုက သီချင်းတစ်ပုဒ်ဖွင့်ပေးပြီး ပြန်ခိုင်းသည်ကို မကျေနပ်၍ ကပ်ကြေးဖြင့်ထိုးရာမှလူသတ်မှုဖြစ်ပွားခဲ့သောကြောင့် ပဲခူးမြို့မရဲစခန်းတွင် အမှုဖွင့် စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှသိရသည်။
ဖြစ်စဥ်မှာ နှစ်သစ်ကူးည ဒီဇင်ဘာလ ၃၁ ရက် ည ၁၁ နာရီခန့်က ပဲခူးမြို့ ကလိကျေးရွာရှိ နေအိမ်ခြံဝင်းတစ်ခုတွင် မိသားစုလေးဦးက နှစ်သစ်ကူးပွဲကျင်းပနေစဥ် မျက်နှာချင်းဆိုင်ခြံမှ အရက်မူးနေသော ဦးနေလင်းအောင်က ရောက်ရှိလာပြီး က ,ချင်သဖြင့် သီချင်းဖွင့်ခိုင်းရာ အိမ်ရှင်များက သီချင်းတစ်ပုဒ်ဖွင့်ပေးပြီး ပြန်ခိုင်းသည်ကို မကျေနပ်၍ စိတ်ဆိုးဒေါသဖြစ်ကာ ပြန်ထွက်သွားခဲ့ကြောင်း သိရသည်။
ယင်းနောက် ဦးနေလင်းအောင်က ပြန်ရောက်လာပြီး ဆဲဆိုစိန်ခေါ်ကာ အိမ်ရှင်၏ သားငယ်ဖြစ်သူ ကိုကျော်သူရ၏ ဦးခေါင်းကို အုတ်ခဲကျိုးဖြင့် ထုရိုက်ကာ ကျောကုန်းကို ကပ်ကြေးဖြင့်ထိုးခဲ့ပြီး အိမ်ရှင်၏ သားကြီးဖြစ်သူ ကိုလင်း၏ ဝမ်းဗိုက်ကိုလည်း ကပ်ကြေးဖြင့် ထိုးခဲ့ကြောင်း သိရသည်။
ကပ်ကြေးဖြင့်ထိုးခံရသူ ညီအစ်ကို ၂ ဦးကို ပဲခူးမြို့အထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ကုသစဥ် ဇန်နဝါရီလ ၁ ရက် မွန်းလွဲ ၁ နာရီကျော်တွင် ကိုကျော်သူရမှာ သေဆုံးခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ကပ်ကြေးဖြင့်ထိုးသတ်သူ အသက် ၃၉ နှစ်အရွယ် ဦးနေလင်းအောင်ကို ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၃၂၆/ ၂၉၄ ဖြင့် ပဲခူးမြို့မရဲစခန်းက ဖမ်းဆီးကာ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။