၃. ၁. ၂၀၂၅
Written by Nyein Kyaw
မြန်မာ့လယ်ယာထွက် ကုန်စည်များကို ပြည်ပသို့ တိုးမြှင့်တင်ပို့ရာတွင် အထောက်အကူပြုနိုင်ရန်အတွက် သီလဝါဆိပ်ကမ်းဧရိယာ အကွက်အမှတ် (၂၇)၊ (၂၈)နှင့် (၂၉)တို့တွင် ကောက်ပဲသီးနှံနှင့် စားသုံးဆီ တင်၊ ချ ဆိပ်ကမ်းတံတားသစ်များ တည် ဆောက်ရေးနှင့် ဆူးလေဆိပ်ကမ်းတံတားနှင့် သိုလှောင်ရုံအမှတ် (၁၊ ၂၊ ၃ နှင့် ၄) တို့တွင် အမိုးအကာပါ ကွန်ဗေယာစနစ် တပ်ဆင်ရေးလုပ်ငန်းများကို တိုးချဲ့တည်ဆောက်နိုင်ရေးအတွက် သဘောတူညီမှုစာချွန်လွှာ (MoU) များ လက်မှတ်ရေးထိုးပွဲအခမ်းအနားအား ယမန်နေ့တွင် Novotel Yangon Max ဟိုတယ်၌ ကျင်းပရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်ခဲ့သည်။
ရန်ကုန်ဆိပ်ကမ်းအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဆန်တင်ပို့မှု တန်ချိန် ၁ ဒသမ ၇ သန်းသာ ရှိခဲ့သော်လည်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဧပြီမှ ဒီဇင်ဘာအထိ ကိုးလတာကာလအတွင်း တန်ချိန် ၂ ဒသမ ၁ သန်းအထိ တင်ပို့ထားခဲ့ပြီးဖြစ်ကြောင်း၊ ပြောင်းတင်ပို့မှုအနေဖြင့် ယခင်ဘဏ္ဍာနှစ်တွင် တန်ချိန် ၁ ဒသမ ၃ သန်းခန့်သာ ရှိခဲ့သော်လည်း ယခုဘဏ္ဍာနှစ် ကိုးလအတွင်း တန်ချိန် ၁ ဒသမ ၆ သန်းခန့်အထိ တိုးတက်ကိုင်တွယ်လာရကြောင်း သိရသည်။
ယင်းအခြေအနေများကြောင့် အထွေထွေကုန်စည်ကိုင်တွယ်မှုအပိုင်းတွင် ဆိပ်ကမ်းတံတားများ လိုအပ်လာသည့်အပြင် အလုပ်တွင်စေမည့် ခေတ်မီကုန်ကိုင်တွယ်စက်ကိရိယာများကို မဖြစ်မနေတပ်ဆင်အသုံးပြုပြီး စွမ်းဆောင်နိုင်မှု (Productivity) ကို မြှင့်တင်ဆောင်ရွက်ရန် လိုအပ်လာကြောင်း ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောကြားသည်။
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သည့် ပို့ကုန်နှစ်ဆတိုးမြှင့်နိုင်ရေး အထောက်အကူပြုလုပ်ငန်းစဉ်အဖြစ် ယခုလို ဆိပ်ကမ်းတံတားများနှင့် ကုန်ကိုင်တွယ်စက်ကိရိယာများကို တိုးချဲ့တည်ဆောက်ထားနိုင်ခြင်းဖြင့် တိုးတက်လာမည့် ကုန်သွယ်မှုပမာဏကို နိုင်နင်းစွာကိုင်တွယ်နိုင်ရန်အတွက် အဆင်သင့်ဖြစ်မှု (Readiness) ကို ရရှိစေနိုင်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောကြားသည်။
ထို့ကြောင့် ယခုစီမံကိန်းလုပ်ငန်း လေးခုစလုံးကို နှစ်ဖက်အောင်မြင်စွာ ပူးပေါင်းအကောင်အထည်ဖော်နိုင်ရန်လိုကြောင်းနှင့် ဆိပ်ကမ်းလုပ်ငန်းကဏ္ဍတွင် အစိုးရ – ပုဂ္ဂလိက (G2B)၊ ပုဂ္ဂလိက – ပုဂ္ဂလိက (B2B) ပူးပေါင်းဆောင်ရွက်မှုများ ယခုထက်ပိုမို၍ တိုးမြှင့်ဆောင်ရွက်သွားကြရန် ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောကြားသည်။
အဆိုပါ စီမံကိန်းများမှာ သီလဝါအကွက်အမှတ် (၂၇) ၌ စားသုံးဆီ ဆိပ်ကမ်းတံတား တည်ဆောက်ရေးလုပ်ငန်းအတွက် မြန်မာအက်ဒီဘယ်(လ်)အွိုင်း(လ်) အင်ဒတ်စထရီရယ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (MEICO) နှင့် MCHEC ၊ သီလဝါဆိပ်ကမ်း အကွက်အမှတ် (၂၈) ၌ ကောက်ပဲသီးနှံ ဆိပ်ကမ်းတံတား တည်ဆောက်ရေးလုပ်ငန်းအတွက် မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကုမ္ပဏီလီမိတက် (MAPCO)နှင့် MCHEC ၊ သီလဝါဆိပ်ကမ်း အကွက်အမှတ် (၂၉) ၌ ကောက်ပဲသီးနှံ ဆိပ်ကမ်းခံတား တည်ဆောက်ရေးလုပ်ငန်းအတွက် မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီလီမိတက် (MAGDPL) နှင့် MCHEC ၊ ဆူးလေသိုလှောင်ရုံ အမှတ် (၁၊ ၂၊ ၃၊ ၄)တို့နှင့် ဆိပ်ကမ်းတံတားများတွင် အမိုးအကာပါ ကွန်ဗေယာစနစ် (Sheltered Conveying System) တပ်ဆင်ရေးလုပ်ငန်းအတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် MCHEC တို့အကြား သဘောတူညီမှုစာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့ကြပြီး စီမံကိန်းများ၏ ကနဦးရင်းနှီးမြှုပ်နှံမှုတန်ဖိုး စုစုပေါင်းဒေါ်လာ ၆၁ သန်းဖြစ်ကြောင်း သိရသည်။