၂.၁.၂၀၂၅
Written By Zun
ထိုင်းနိုင်ငံ၌ ဇန်နဝါရီလ ၁ ရက် ညနေ ၃ နာရီခန့်က မြန်မာနိုင်ငံသားတစ်ဦး ရေတံခွန်ပေါ်မှ ပြုတ်ကျသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။
ရေတံခွန်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့သူမှာ မြန်မာနိုင်ငံသားအသက် ၃၁ နှစ်အရွယ် ကိုအောင်ထိုက်ဆိုသူဖြစ်ပြီး ဆုံခလာခရိုင်၊ ဟတ်ယိုင်မြို့နယ်၊ ထုန့်တန်ဆောင်ကျေးရွာရှိ တန်ငချန်း(ဆင်စွယ်)ရေတံခွန်ပေါ်မှ ပြုတ်ကျ သေဆုံးခြင်း ဖြစ်သည်။
ယင်းမှာ ဆုံခလာခရိုင်၊ ဟတ်ယိုင်မြို့နယ်၊ ခေါင်ဟယ်ကျေးရွာရှိ စက်ရုံတစ်ရုံ၌ အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်း ၊ နှစ်သစ်ကူးအလုပ်ပိတ်ရက်တွင် မိသားစုနှင့်အတူ အလည်သွားရာမှ ပြုတ်ကျသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကိုအောင်ထိုက်ပြုတ်ကျသေဆုံးသည့်ရေတံခွန်မှာ မီတာ ၄၅၀ မြင့်ကာ အဆင့် ၃ ဆင့်ရှိပြီး အပေါ်ဆုံး ၃ ဆင့်မြောက်သို့ တက်ရောက်ချိန် ခြေချော်ကာ ရေတံခွန်အတွင်းပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအခင်းဖြစ်ပွားရာနေရာသို့ ဒေသတွင်း လူမှုကယ်ဆယ်ရေးအဖွဲ့များက သွားရောက်၍ သေဆုံးသူ၏ ရုပ်အလောင်းကို ဆွဲတင်ရာတွင် အချိန် ၃ နာရီခန့်ကြာအောင် ခက်ခက်ခဲခဲ လုပ်ဆောင်ခဲ့ကြရသည်။
အဆိုပါ ကိုအောင်ထိုက်ပြုတ်ကျသွားသည်ကို မိခင်ဖြစ်သူနှင့် မိသားစုဝင်များက မျက်ဝါးထင်ထင် မြင်တွေ့ လိုက်ရကာ သွားရောက်ကယ်ဆယ်မှုပြုလုပ်၍ မရနိုင်သောကြောင့် ယူကြုံးမရ ဖြစ်ကာ ငိုကြွေးနေကြကြောင်း၊ အဆိုပါနေရာတွင် ကိုအောင်ထိုက်ကဲ့သို့ မတော်တဆမှုများ ယခင်ကလည်းဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။