၂.၁.၂၀၂၅
Written by KL
ဇနီးသည် သေဆုံးပြီး ကလေး၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သော အမြန်လမ်း မိုင်တိုင် ၂၉၀/၇တွင် ယနေ့ ဇန်နဝါရီလ ၂ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ဖြစ်ပွားခဲ့သည့် ယာဥ်တိုက်မှုမှာ ခင်ပွန်းဖြစ်သူ ယာဥ်မောင်းအိပ်ငိုက်ရာမှ လမ်းလယ်ကျွန်း ကွေ့ကြောရှိ ဘယ်ရီယာတုံးများကို ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။
ကလေးငယ်၂ ဦးအပါအဝင် မိသားစု ၄ ဦး စီးနင်းလိုက်ပါလာသော Chevrolet MALIBU အမျိုးအစား ကိုယ်ပိုင်မော်တော်ယာဥ်မှာ မောင်းနှင်လာစဥ် လမ်းခုလတ်၌ ယာဥ်တိုက်မှုဖြစ်ပွားခဲ့ရာ ယာဥ်တိုက်မှုအရှိန်ကြောင့် မော်တော်ယာဥ်မှာ တစ်ပတ်လည်သွားပြီး လမ်းညာဘက်ခြမ်းရှိ မြေသားလမ်းပေါ်သို့ ကားအတည့်ပြန်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယာဥ်တိုက်မှုကြောင့် ယာဥ်မောင်းဘေးတွင် လိုက်ပါလာသော အသက် ၄၂ နှစ်အရွယ် အမျိုးသမီးမှာ နေရာတွင်သေဆုံးခဲ့ပြီး အသက် ၃၈ နှစ်အရွယ် ယာဥ်မောင်း အမျိုးသားတွင် ညာဘက်ခြေထောက်ကျိုးဒဏ်ရာ၊ ဘယ်ဘက်ခြေကျင်းဝတ်ပေါက်ပြဲဒဏ်ရာ၊ အသက် ၁၃ နှစ်အရွယ် ယောင်္ကျားလေးတွင် ညာဘက်လက်ကောက်ဝတ်နာကျင်ဒဏ်ရာနှင့် ပွန်းပဲ့ဒဏ်ရာ၊ အသက် ၁၀ နှစ်အရွယ် မိန်းကလေးတွင် ဘယ်ဘက်လက်မောင်း ပွန်းခြစ်ဒဏ်ရာတို့ရရှိခဲ့သဖြင့် မိတ္ထီလာပြည်သူ့ဆေးရုံသို့ တင်ပို့ထားကြောင်း သိရသည်။
ထို့အပြင် ကိုယ်ပိုင်ယာဥ်၏ ခေါင်းပိုင်းကြေမွပျက်စီးခဲ့ပြီး လမ်းရှိ ဘယ်ရီယာတုံးများလည်း ပျက်စီးခဲ့သဖြင့် ယာဥ်မောင်းအမျိုးသားကို ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)/၃၃၈ဖြင့် သီးကုန်းအမြန်လမ်းရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။