၂.၁.၂၀၂၅
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ဆင်မလိုက်ဆိပ်ကမ်းတွင် ယနေ့ ဇန်နဝါရီလ ၂ ရက်၊ နံနက် ၁၀ နာရီခန့်က ရန်ကုန်-ကော့သောင်းပြေးဆွဲသည့် MV.MCL9 ကွန်တိန်နာသင်္ဘောတွင် ဆီလှောင်ကန်မှ ဒီဇယ်လက်ကျန်ကို ပန့်ဖြင့်စုပ်ယူရာမှ မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် သင်္ဘောအင်ဂျင်နီယာမှူးသေဆုံးခဲ့ပြီး အမျိုးသား ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။
ဖြစ်စဥ်မှာ- အလျား ၂၄၇ ပေ၊ အနံ ၁၀ ပေ၊ ရေစူး ၁၆ ပေ ရှိသော ရေယာဥ်ရှိ ဆီလှောင်ကန်မှ ဒီဇယ်ဆီကို Submersible Pump ဖြင့် စုပ်ထုတ်ရာ ယင်းပန့်နှင့် သင်္ဘောကိုယ်ထည် ပွတ်တိုက်မှုဖြစ်ပွားပြီး မီးပွားထွက်ရာမှ ဆီခိုးဆီငွေ့များနှင့် ထိတွေ့ပြီး မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်ပေါက်ကွဲမှုကြောင့် ဆီထုတ်ပိုက်၊ ဝရိန်ပုံး၊ ဝရိန်ကြိုးတို့ မီးလောင်ခဲ့ပြီး အင်ဂျင်နီယာမှူး အသက် ၃၁ နှစ်အရွယ် ဦးရဲထွန်းဝင်းမှာလည်း နေရာတွင်ပင် သေဆုံးခဲ့ကာအသက်၂၁ နှစ်အရွယ် ဦးဝေလွင်ထွန်းနှင့် အသက် ၃၄ နှစ်အရွယ် ဦးစိုးထွန်းနိုင်တို့တွင် ပြင်းထန် ဒဏ်ရာများရရှိခဲ့သဖြင့် အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရသည်။
“ဖြစ်တာက သိပ်မကြာလိုက်ဘူး။ တစ်ယောက်ကတော့နေရာမှာပဲဆုံးသွားတယ်။ ကျန်တဲ့ ထိတဲ့သူ နှစ်ယောက်မှာလည်း တစ်ကိုယ်လုံးထိတာ။ စိုးရိမ်ရတယ်။ တစ်ယောက်ဆို မျက်လုံးပါမကျန် ထိခိုက်ကုန်တာ”ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
သေဆုံးသူ၏ ရုပ်အလောင်းကို ပီအာရ် -၀၄၅ ဖြင့် လက်ခံထားပြီး၊ ဒဏ်ရာရရှိသူများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင််း သိရသည်။
ပေါက်ကွဲမှုနှင့်ပတ်သက်၍ အင်ဂျင်နီယာမှုး ဦးရဲထွန်းဝင်းကို ဗိုလ်တထောင်မြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ၊ ၃၃၈၊ ၂၈၅ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။