MT News
Written by Ye Kyaw
ဇန်နဝါရီလ ၁၁ ရက် ရွှေဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ရွှေဈေးနှုန်းများမှာ တစ်ကျပ်သား ကျပ် ၂၇ သိန်း အောက်သာရှိပြီး ကောလဟာလအမျိုးမျိုးကြောင့် ပြင်ပရွှေဈေးကွက်ရောင်းဝယ်သူများမှာ ဈေးကစား၍ ရွှေဈေးနှုန်းကို ဆွဲတင်ဆွဲချလျက်ရှိကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA)က ယမန်နေ့က ထုတ်ပြန်ထားသည်။
သတင်းအဖြစ်အမှန်များကို ဌာနဆိုင်ရာများက စုံစမ်းစစ်ဆေးလျက်ရှိပြီး အရေးယူဆောင်ရွက်သွားမည်ဖြစ်သဖြင့် ဈေးကစားသူများအနေဖြင့် ကောလဟာလများ လွှင့်ထုတ်ခြင်းနှင့် ဈေးကစားခြင်းများ မပြုလုပ်ကြရန်ပန်ကြားထားသည်။
ရွှေဈေးကွက်အနေဖြင့် အရောင်းအဝယ်အေးလျက်ရှိပြီး ဈေးနှုန်းသာလျှင်မြင့်တက်နေသောကြောင့် ရွှေဈေးကွက်အတွင်း ဈေးနှုန်းမတည်ငြိမ်မှုများ မဖြစ်ပေါ်စေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။