၂.၁. ၂၀၂၅
Written by Hey Mar
ရန်ကုန်-မန္တလေး အမြန်လမ်းမှာ အိမ်စီးယာဉ်ငယ်တစ်စီး တိမ်းမှောက်ရာက အမျိုးသမီး တစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ် ဒီနေ့ နေ့လယ် သုံးနာရီဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ အမြန်လမ်းသီးကုန်းမီးသတ်စခန်းကနေ သိရပါတယ်။
ဖြစ်စဉ်က ဒီနေ့ ဇန်နဝါရီ ၂ ရက်နေ့ နေ့လယ် ၂နာရီ ၄၅ မိနစ် အချိန်ခန့်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၉၀/၇)အနီးမှာ၊ ယာဉ်ငယ်(၁)စီး လမ်းလယ်ကျွန်းကို ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
သီးကုန်းအမြန်လမ်းမီးသတ်စခန်းမှတာဝန်ရှိသူက “ကားက မန္တလေးကနေ နေပြည်တော်ကိုလာတာ။ ယာဉ်မောင်းအိပ်ငိုက်သွားတယ်လို့ ယူဆရပါတယ်။ သေဆုံးတဲ့အမျိုးသမီးက ဦးခေါင်း ဘယ်ညာ ပေါက်ပြဲသွေးထွက်၊ နားထဲကသွေးထွက် ခြေသလုံးအရိုးကျိုးပေါက်ထွက်ဒဏ်ရာတွေနဲ့ နေရာမှာတင်သေဆုံးတာပါ။ ကျန်သူတွေက မစိုးရိမ်ရဒဏ်ရာတွေပါ”လို့ MT News ကို ပြောပါတယ်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်နေရာကို သီးကုန်း အမြန်လမ်းမီးသတ်စခန်းက မီးသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပြီး ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၂)ဦး၊ မ(၂)ဦး စုစုပေါင်း(၄)ဦးအနက် မ(၁)ဦး(သေဆုံး)နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ကျား(၂)ဦးနဲ့မ(၁)ဦးတို့ကို ပြည်သာယာလူမှုကူညီရေးအသင်းက သူနာတင်ယာဉ်နဲ့ မိတ္ထီလာမြို့နယ်ပြည်သူ့ဆေးရုံဆီ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပြီး လူသေဆုံးခဲ့တဲ့အတွက် ယာဉ်မောင်းဖြစ်သူကိုလည်း သီးကုန်းအမြန်လမ်းရဲစခန်းက (ပ)နံပါတ် ၁/၂၀၂၅ ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)၊ ၃၃၈ အရ အမှုဖွင့်လှစ်အရေးယူဆောင်ရွက်နေကြောင်းလည်း သိရှိရပါတယ်။
မနေ့က ဇန်နဝါရီ ၁ရက်နေ့ မနက်အစောပိုင်းကလည်း အမြန်လမ်း မိုင်တိုင် ၁၁၇/၁အနီးမှာ ယာဥ်မောင်းအိပ်ငိုက်ရာက ကျော်မိသားစု Express ဘုရားဖူးခရီးသည်တင်ယာဥ် တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးကြီးတစ်ဦး သေဆုံးခဲ့ကာ ၃၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။