◾ နှစ်သစ်ကူးရက်တွင် နာရီပိုင်းသာခြားပြီးဖြစ်ပွားခဲ့သော Cybertruck ဗုံးခွဲမှုနဲ့ လူ ၁၅ ဦးသေပြီး ၃၀ ကျော် ဒဏ်ရာရခဲ့တဲ့ နယူးအော်လန်းဖြစ်စဥ် ဆက်စပ်မှုရှိမရှိ အာဏာပိုင်တွေ စစ်ဆေးနေ
၂. ၁. ၂၀၂၅
Translated by Thettant
ကမ္ဘာကျော်ဘီလျံနာလည်းဖြစ်ပြီး အမေရိကန်ရွေးကောက်ခံသမ္မတဒေါ်နယ်ထရန့်နဲ့လည်း နိုင်ငံရေးအရ ကြီးမားတဲ့ဆက်နွှယ်မှုရှိတဲ့ Elon Musk ရဲ့ Tesla Cybertruck ဟာ နှစ်သစ်ကူးညမှာပဲ လာ့စ်ဗီးဂတ်စ်မှာရှိတဲ့ Trump Hotel ရှေ့ပေါက်ကွဲခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့သလို အနည်းဆုံး ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။
အီလွန်မက်ခ်ရဲ့ Cybertruck ပေါက်ကွဲမှုဟာ အမေရိကန်၊ နယူးအော်လင်းမှာ နှစ်သစ်ကူးကြိုဆိုနေသူတွေကို အစ္စလာမ္မစ်အကြမ်းဖက် ISIS နဲ့ ဆက်နွှယ်သူက ကားနဲ့တိုက်သတ်လို့ အနည်းဆုံး ၁၅ ဦး သေပြီး ၃၀ ကျော် ဒဏ်ရာရတဲ့ဖြစ်စဥ်နဲ့ ဆက်နွှယ်နေဖွယ်ရှိတာကို စုံစမ်းစစ်ဆေးနေပြီး ဒီဖြစ်စဥ်နှစ်ခုစလုံးက ယာဥ်နှစ်စီးစလုံး Turo ကားအငှားကုမ္ပဏီက ငှားရမ်းခဲ့တဲ့ယာဥ်တွေပါ။
၂၀၂၄ ကုန်ဆုံးလို့ ၂၀၂၅ ခုနှစ် ကူးပြောင်း ရောက်ရှိလာခြင်းကို ဆက်လက်ဆင်နွှဲနေချိန် ဗုဒ္ဓဟူးနေ့ မနက် ၃ နာရီခန့်မှာ နှစ်သစ်ကူးပွဲဆင်နွှဲနေတဲ့ လူစုလူဝေးကို ကာကွယ်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ ယာဥ်အတားအဆီးတွေကို EV Ford Pickup Truck ကားမောင်းနှင်သူ အမျိုးသားတစ်ဦးက တိုက်ဖျက်ပြီး လူအုပ်ကို ဝင်တိုက်တာကြောင့် အနည်းဆုံး လူ ၁၅ ဦးသေဆုံးပြီး ကောလိပ် ကျောင်းသူနှစ်ဦးအပါအဝင် ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့တာပါ။
Turo ကုမ္ပဏီက ငှားရမ်းလာတဲ့ EV Ford Pickup Truck ကားဟာ လူစုလူဝေးကို ဝင်တိုက်ပြီးတဲ့နောက်မှာ တရားခံဟာ သူ့ကားကိုရပ်ပြီး ရဲအရာရှိတွေကို ပစ်ခတ်တိုက်ခိုက်တာကြောင့် ရဲအရာရှိနှစ်ဦးနဲ့ ကျည်ထိမှန်ခဲ့သလို နယူအော်လင်းရဲတပ်ဖွဲ့ကလည်း တုံ့ပြန်ပစ်ခတ်တာမှာ တရားခံဟာ ကျည်ထိသေဆုံးသွားတာပါ။
FBI က ဒီအမှုကို အကြမ်းဖက်မှုလို့ပြောခဲ့သလို ယာဥ်ပေါ်မှာလည်း ISIS အလံတစ်ခုနဲ့ ရေခဲသေတ္တာတစ်ခုအတွင်းက ဖောက်ခွဲပစ္စည်းအများအပြား တွေ့ရှိခဲ့ရတာကြောင့် ချက်ချင်းရှင်းလင်းခဲ့ရသလို ကြိုတင်ပြင်ဆင်ထားတဲ့ တိုက်ခိုက်ဖို့လုပ်ရပ်အများအပြားကြောင့် လူထုအကြားမှာလည်း အစ္စလာမ္မစ်အစွန်းရောက်တွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုအပေါ် စိုးရိမ်စိတ် မြင့်တက်လာစေခဲ့ပါတယ်။
ဒါ့အပြင် တရားခံဟာ အသက် ၄၂ နှစ်အရွယ်ရှိတဲ့ စစ်မှုထမ်းဟောင်းဖြစ်ပြီး တက္ကဆက်မှာ နေထိုင်တဲ့ အမေရိကန်နိုင်ငံသား ရှမ်ဆူဒင်ဂျက်ဘာလို့ FBI က ထုတ်ပြန်ခဲ့သလို တရားခံဟာ ဒီတိုက်ခိုက်မှုမလုပ်ခင်မှာ ISIS ရဲ့ လှုံဆော်မှုခံရပြီး သတ်ဖြတ်တိုက်ခိုက်မယ်ဆိုတဲ့ ရုပ်သံတွေ လူမှုကွန်ရက်မှာ ဖော်ပြခဲ့တယ်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ပြောခဲ့ပါတယ်။
FBI အထူးအေးဂျင့် Alethea Duncan က တိုက်ခိုက်မှုအတွက် ဂျက်ဘာ တစ်ဦးတည်းလို့ FBI က မယုံကြည်ကြောင်းနဲ့ ဒီတိုက်ခိုက်မှုမှာ နောက်ကွယ်က ပံ့ပိုးတဲ့ ကြံရာပါ အများအပြားရှိတယ်လို့ ယုံကြည်ထားပြီး သံသယရှိသူတွေကို ဆက်လက် စစ်ဆေးဖော်ထုတ်နေသလို စုံစမ်းစစ်ဆေးမှုအဆင့်မှာ ဘာကိုမှ ယတိပြတ်မပြောနိုင်သေးကြောင်းနဲ့ ISIS အပါအဝင် အစ္စလာမ္မစ်အစွန်းရောက်အကြမ်းဖက်တွေနဲ့ ချိတ်ဆက်မှုကို ဆက်လက်ဖော်ထုတ်နေကြောင်း ပြောခဲ့ပါတယ်။
ဒီဖြစ်စဥ်ဖြစ်ပွားပြီး နာရီ ၅ နာရီခန့်အကြာမှာဖြစ်ပွားခဲ့တဲ့ အီလွန်မတ်ခ်ရဲ့ Cybertruck ပေါက်ကွဲမှုဟာ ယာဥ်အတွင်းပိုင်းမှာ ဖြစ်ပွားခဲ့ပေမဲ့ ပြင်ပကို ထိခိုက်မှုမရှိခဲ့သလို ပေါက်ကွဲမှုကို ခံနိုင်အောင် အထူးတည်ဆောက်ထားတာကြောင့် ဟိုတယ်မှန်ကိုတောင် မကွဲခဲ့တာလည်းမြင်ရပြီး လက်ရှိမှာ ယာဥ်ငှားရမ်းသူကို ခြေရာခံနေကာ၊ အီလွန်မတ်ခ်ကလည်း အမှူမှန်ပေါ်ဖို့ ခြေရာခံမှုကအစ ကူညီပေးနေတာဖြစ်ပါတယ်။
ဒါ့အပြင် အီလွန်မတ်ခ်က ဒီပေါက်ကွဲမှုဖြစ်စဥ်ဟာ ဗုံးဖောက်ခွဲခံရတာဖြစ်ပြီး Cybertruck ရဲ့ ချို့ယွင်းချက်မဟုတ်ဘဲ ဖောက်ခွဲတိုက်ခိုက်သူတွေက သူ့ကားကို ရွေးချယ်လိုက်တာ မှားယွင်းမှုဖြစ်ကြောင်းနဲ့ Cyber truck အတွင်းပေါက်ကွဲမှုက ဘေးမှာရှိတဲ့ ဟိုတယ်မှန်တောင် မကွဲခဲ့ပါဘူးလို့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
Ref , CNN & CBS