◾ တရုတ်ကုမ္ပဏီ၏စွမ်းဆောင်နိုင်မှုက အီလွန်မတ်ခ်၏ Starlink ကုမ္ပဏီထက် သာလွန်
၂.၁.၂၀၂၅
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ စီးပွားဖြစ်ဂြိုဟ်တုကုမ္ပဏီဖြစ်တဲ့ Chang Guang ကုမ္ပဏီက ပြတ်သားမှု အလွန်မြင့်မားတဲ့ အာကာသမှမြေပြင်သို့ တစ်စက္ကန့်လျှင် ၁၀၀ Gbps နှုန်းနဲ့ လေဆာလွှင့်ထုတ်မှုကို တီထွင်အောင်မြင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါက ကုမ္ပဏီအနေနဲ့ လွန်ခဲ့တဲ့တစ်နှစ်မပြည့်ခင် ကာလက စွမ်းဆောင်နိုင်ခဲ့မှုထက် ဆယ်ဆ ပိုမိုလျင်မြန်တာလို့လည်း သိရပါတယ်။
အဆိုပါ ဂြိုဟ်တုကနေ မြေပြင်ကို လေဆာဆက်သွယ်မှုမှာ 6G နည်းပညာစနစ်အောင်မြင်ဖို့ လမ်းခင်းပေးသကဲ့သို့ဖြစ်ပါတယ်။ ဒါ့ပြင် ပြတ်သားမှုနှုန်းအလွန်မြင့်မားတဲ့ အဝေးထိန်းအာရုံခံစနစ်နဲ့ ဂြိုဟ်တု တည်ရှိမှုနည်းပညာ နောက်မျိုးဆက်တို့အပါအဝင် အခြားသော လုပ်ငန်းသုံးပရိုဂရမ် အက်ပလီကေးရှင်းတွေတိုးတက်အောင်မြင်ဖို့ လမ်းကြောင်းလည်းဖြစ်ပါတယ်။
Chang Guang ဂြိုဟ်တုနည်းပညာကုမ္ပဏီက ဂြိုဟ်တု ကြယ်တာရာအစုတွေကို အဝေးမှအာရုံခံလေ့လာတဲ့ ကမ္ဘာ့အကြီးမားဆုံး ဆပ်မီတာ ကိရိယာ Jilin-1 ကို ပိုင်ဆိုင်ပါတယ်။ Chang Guang က ပြီးခဲ့တဲ့ ရက်သတ္တပတ်က သူ့ရဲ့ စမ်းသပ်မှုမှာ တစ်စက္ကန့်လျှင် ၁၀၀ Gbps နှုန်းနဲ့ ပြတ်သားမှုနှုန်းအလွန်မြင့်မားတဲ့ လေဆာလွှင့်ထုတ်မှုကို စမ်းသပ်အောင်မြင်ခဲ့ပြီလို့ ပြောခဲ့တာဖြစ်ပါတယ်။
Chang Guang ရဲ့ စမ်းသပ်အောင်မြင်မှုက သူ့ရဲ့ နောက်ဆုံးအကြိမ်စမ်းသပ်မှုထက်ဆိုရင် ဆယ်ဆပိုမြန်တယ်လို့လည်း ပြောခဲ့ပါသေးတယ်။ ကုမ္ပဏီရဲ့ လေဆာဆက်သွယ်ရေး မြေပြင်နည်းပညာစခန်း အကြီးအကဲဖြစ်တဲ့ Wang-hanghang ကလည်း “Chang Guang ရဲ့အခုအောင်မြင်မှုက ဘီလျံနာကြီး အီလွန်မတ်ခ်ရဲ့ Starlink ကုမ္ပဏီထက် အသာရသွားပြီ။ ဒီစနစ်ကို ၂၀၂၇ ခုနှစ်နောက်ဆုံးထားပြီးဂြိုဟ်တု ၃၀၀ ကို ကွန်ရက်ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ ရည်မှန်းထားတယ်”လို့လည်း ပြောခဲ့ပါတယ်။
ဒါ့ပြင် Wang က ” ဒီအောင်မြင်မှုသမိုင်းမှတ်တိုင်က တရုတ်နိုင်ငံရဲ့ ဂြိုဟ်တုအခြေခံအဆောက်အအုံ ဖြန့် ချထားနိုင်မှုအတွက် အခြေခံနဲ့ ထိရောက်စွာ လည်ပတ်နိုင်ရေး အခြေခံလည်းဖြစ်တယ်။ ဒီမှာ ရေကြောင်းသွားလာမှုတွေ၊ 6G ကွန်ရက်စနစ်နဲ့ အဝေးထိန်းအာရုံခံကိရိယာ အက်ပလီကေးရှင်းတွေ ပါဝင်တာပေါ့”လို့ ဆက်ပြောခဲ့ပါသေးတယ်။
Wang က မြေပြင်စခန်းတွေကို အဆင့်မြှင့်တင်ရတဲ့ ကုန်ကျစရိတ်ကကြီးမားပေမယ့် ဂြိုဟ်တုဆက်သွယ်ရေးက စရိတ်စက သက်သာပြီး ကျယ်ပြန့်တဲ့ လွှမ်းခြုံမှုလည်းရှိတယ်။ ဒါက 6G နည်းပညာစနစ် တိုးတက်စေဖို့ အရေးကြီးတဲ့ဦးတည်ချက်ပဲ။ ဒီနောက်မှာ လေဆာထုတ်လွှင့်ဆက်သွယ်မှုက မရှိမဖြစ်လိုအပ်တဲ့နည်းပညာဖြစ်လာလိမ့်မယ်လို့လည်း ဆိုခဲ့ပါတယ်။
Chang Guang ကုမ္ပဏီက သူတို့အနေနဲ့ လေဆာထုတ်လွှင့်ဆက်သွယ်မှု နည်းပညာအပေါ် ၂၀၂၀ ပြည့်နှစ် အစောပိုင်းထဲက အလေးထားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွေမှာတော့ ထင်ရှားတဲ့ တိုးတက်အောင်မြင်မှုတွေရခဲ့တယ်လို့ ပြောခဲ့ပါတယ်။
တစ်စက္ကန့်ကို ၁၀၀ Gbps နှုန်းနဲ့ ဂြိုဟ်တုတစ်လုံးကနေ ကမ္ဘာမြေပြင်ကို လေဆာလွှင့်ထုတ်မှုက ဘာနဲ့ သွားညီမျှသလဲဆိုရင် အပြည့်အဝရှည်လျားတဲ့ ရုပ်ရှင်ကားဆယ်ကားကို တစ်စက္ကန့်ထဲမှာ ထုတ်လွှင့်ပေးနိုင်တာနဲ့ညီမျှလိမ့်မယ်။ ဥပမာပြဖို့ဆိုရင်တော့ ယာဉ်ကြောတစ်ခုထဲရှိတဲ့အဝေးပြေးလမ်းကို ယာဉ်ကြောထောင်နဲ့ချီရှိတဲ့ အဝေးပြေးလမ်းမကြီးဖြစ်လာအောင် အဆင့်မြှင့်တာပဲပေါ့ လို့ Wang က ပြောခဲ့ပါသေးတယ်။
ကုမ္ပဏီရဲ့တရားဝင်အစီရင်ခံချက်မှာတော့ ဒီအောင်မြင်မှုက သဘာဝဘေးထိန်းချုပ်နိုင်ရေး၊ အမျိုးသား ကာကွယ်ရေး၊ စမတ်စီးတီးတွေ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးနဲ့ အရေးပေါ်တုံ့ပြန်မှု စတဲ့ နယ်ပယ်အသီးသီးက လုပ်ငန်းပရိုဂရမ် အက်ပလီကေးရှင်းတွေအတွက် အသုံးဝင်လာမယ်ဆိုပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ်ဒီအောင်မြင်မှုက တရုတ်နိုင်ငံရဲ့ ဂြိုဟ်တုဆက်သွယ်ရေးစွမ်းဆောင်နိုင်ရည်တွေကို သိသိသာသာတိုးတက်စေမယ့် ခြေလှမ်းတစ်ရပ်ဖြစ်စေရုံမက အာကာသနည်းပညာယှဉ်ပြိုင်မှုမှာလည်း တရုတ်နိုင်ငံရဲ့ ရပ်တည်မှုနေရာကို ပိုမိုခိုင်မာစေလိမ့်မယ်လို့လည်း အစီရင်ခံစာကဆိုခဲ့ပါတယ်။
Ref- SCMP