၂. ၁ .၂၀၂၅
Written by Hey Mar
ကိုရီးယားနိုင်ငံက လာမယ့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ဘတ်ဂျက်ကာလမှာ အခြေခံလုပ်အားခ တစ်နာရီကို ဝမ် ၁၀၀၃၀ ဝမ်အဖြစ် တိုးမြှင့်ရရှိမှာဖြစ်ပြီး အရင်ကထက် တစ်နာရီကို ဝမ် ၁၇၀ တိုးမြင့်သွားတယ်လို့ ကိုရီးယား EPS စနစ်နဲ့ အလုပ်အကိုင်ဝန်ဆောင်မှုပေးနေတဲ့ EPS- Korea Agency မှ သိရပါတယ်။
ကိုရီးယားနိုင်ငံရဲ့ ၂၀၂၅ ခုနှစ်အတွက် အခြေခံလုပ်အားခကို တစ်နာရီလျှင် ၁၀,၀၃၀ ဝမ် သတ်မှတ်မှာဖြစ်ပြီး တစ်ပတ်လျှင် ၄၀ နာရီ အလုပ်လုပ်ပါက လစဉ်လစာမှာ ၂,၀၉၆,၂၇၀ ဝမ် ရရှိမှာဖြစ်ကာ မြန်မာငွေနဲ့ ပြန်လည်တွက်ချက်ပါက ၇၅ သိန်းဝန်းကျင် ရရှိမှာဖြစ်ပါတယ်။ အခွန်ဆောင်တာတွေအပြီးအစီးဆိုပါက သိန်း ၆၀ ကျော် ရရှိနိုင်တယ်လို့ ကိုရီးယား-မြန်မာ အလုပ်အကိုင် ဝန်ဆောင်မှုပေးနေတဲ့ ကိုရီးယားအခြေစိုက် မြန်မာအေဂျင်စီထံကနေသိရပါတယ်။
EPS- Korea Agencyမှ ဦးကျော်သူရက “ကိုရီးယားမှာက နှစ်စဉ် လုပ်ခလစာတိုးတယ်။ တစ်နှစ်ကိုနည်းနည်းစီပေါ့။ ရာဂဏာန်းလောက်စီက နှစ်တိုင်းတိုးတယ်။ တစ်ရက်ကို ရှစ်နာရီ အလုပ်လုပ်ရတယ်၊ Overtime မပါသေးဘူး။ ပါရင် ပိုရမှာပေါ့။ အခုက ကိုရီးယားက အလုပ်အကိုင်အခွင့်အလမ်းလည်းကောင်းတယ်။ အလုပ်ရဖို့လည်း အမှတ်စနစ်က ပိုမြင့်သွားတော့ ကြိုးစားမှ စာပိုလုပ်မှ ရနိုင်မယ်”လို့ MT News ကို ပြောပါတယ်။
ကိုရီးယားအလုပ်အကိုင်အခွင့်အလမ်းမှာ အမျိုးသားတွေကို ပညာအရည်အချင်းမသတ်မှတ်ထားပေမယ့် အခု ၂၀၂၅ ခုနှစ်မှာ ပထဆုံးအနေနဲ့ အမျိုးသမီးတွေကို ကိုရီးယားနိုင်ငံရဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ လုပ်ကိုင်နိုင်စေဖို့ ခေါ်ယူသွားမှာလည်းဖြစ်ပြီး ပညာအရည်အချင်းအနေနဲ့ အနိမ့်ဆုံး ဆယ်တန်းအောင်မြင်ရမယ်လို့ သတ်မှတ်ထားပါတယ်။
ဦးကျော်သူရက “အခုက အမှတ်ဖြတ်တာလည်း အရမ်းမြင့်လာတယ်။ ဝင်ရောက်ဖြေဆိုသူကလည်း အရင်ကထက် ဒီနှစ်ပိုင်းတွေမှာ ဆယ်ဆလောက်များလာတယ်။ အရင်က နှစ်သောင်းကျော် သုံးသောင်းလောက်ဖြေတာမှာ အခုက ပြီးခဲ့တဲ့ ၂၀၂၄ ကဆို သုံးသိန်းကျော် ဖြေတယ်။ နောက်ပြီး အခု ၂၀၂၅ ခုနှစ်ထဲမှာ သင်ရိုးတွေလည်း ပြောင်းဦးမှာမို့ ပညာအရည် အချင်း ကန့်သတ်မထားပေမယ့်လည်း စာပိုလုပ်မှပဲရမယ်။ ကြိုးစားမှရမယ်”လို့ ကိုရီးယားအလုပ်အကိုင်အခွင့်အလမ်းနဲ့ ပတ်သတ်လို့ ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ အခြေအနေကို ပြောပြပါတယ်။