၂. ၁. ၂၀၂၅
Translated by Thettant
လန်ဒန်၊ ကမ်ဒန်မြို့၊ Primrose Hill ရပ်ကွက်က စံအိမ်တစ်ခုကနေ သူခိုးတစ်ဦးဟာ ဒေါ်လာ ၁၃ သန်းတန် ကျောက်မျက် ရတနာတွေနဲ့ တန်ဖိုးကြီး လက်ကိုင်အိတ်တွေနဲ့ ငွေသားတွေကို ခိုးယူသွားခဲ့မှုအပေါ် လန်ဒန်၊ မက်ထရိုပိုလီတန်ရဲတပ်ဖွဲ့က ဆုကြေးငွေထုတ်လာပါတယ်။
ဖြစ်စဥ်က ဒီဇင်ဘာ ၇ ရက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ညနေ ၅ နာရီနဲ့ ၅ နာရီခွဲကြားမှာ သူခိုးဟာ သူပစ်မှတ်ထားတဲ့ ရိပ်သာလမ်းက NW8 စံအိမ်ကို အမည်မသိရသေးတဲ့ လက်နက်ကိုင်ဆောင်ပြီး ဒုတိယထပ်ကနေ ဝင်ရောက်လာခဲ့တာပါ။
အဲဒီနောက် ဖောက်ထွင်းသူခိုးဟာ ပေါင် ၁၅၀,၀၀၀ တန် Hermes Crocodile Kelly လက်ကိုင်အိတ်တွေနဲ့ ဒီဇိုင်နာအိတ်တွေ၊ ငွေသား ပေါင် ၁၅,၀၀၀ နဲ့ Graff, De Beers, Hermes, Van Cleef & Arpels, Chrome Hearts, Chopard စတဲ့ ကမ္ဘာကျော် တန်ဖိုးကြီးလက်ဝတ်ရတနာတွေ ထုတ်လုပ်တဲ့ နာမည်ကြီးအမှတ်တံဆိပ်တွေရဲ့ ဒီနေ့ခေတ်နဲ့ ရှေးဟောင်းလက်ရာ တန်ဖိုးကြီးလက်ဝတ်ရတနာ ပေါင် ၁၀ ဒသမ ၄ သန်း (ဒေါ်လာ ၁၃ ဒသမ ၂ သန်း) ဖိုးတို့ကို ခိုးယူခဲ့တာပါ။
သံသယရှိသူဟာ အသက် ၂၀ ကနေ ၃၀ ပတ်လည်အတွင်း လူဖြူအမျိုးသားတစ်ဦးဖြစ်ပြီး အနက်ရောင်ဟူဒီ၊ ကာဂိုဘောင်းဘီနဲ့ မီးခိုးရောင်ဘေ့စ်ဘောဦးထုပ်ကို ၀တ်ဆင်ထားသလို ဖောက်ထွင်းဝင်ရောက်ချိန်မှာ သူ့မျက်နှာကို ဖုံးအုပ်ထားပါတယ်။
တရားခံဖောက်ထွင်းမှုကျုးလွန်နေချိန်မှာ အင်စတာဂရမ်က သြဇာလွှမ်းမိုးသူနဲ့ ခင်ပွန်းတို့ အိမ်ပိုင်ရှင်ဇနီးမောင်နှံက အိမ်မှာ မရှိပေမဲ့ အလုပ်သမားတွေ ရှိနေကြသလို အိမ်ထိန်းတစ်ဦးက လက်နက်ကိုင်ကျူးကျော်သူနဲ့ အချိန်တစ်မိနစ်ခန့် နီးနီးကပ်ကပ် ဝင်လာခဲ့တာကို CCTV မှာ တွေ့ရပေမဲ့ လွတ်မြောက်သွားခဲ့တာပါ။
“သံသယရှိသူဟာ အမည်မသိလက်နက်ကို ကိုင်ဆောင်ထားပြီး အိမ်ထဲကို ဝင်ရောက်ဖောက်ထွင်းခဲ့တဲ့ ရိုင်းစိုင်းတဲ့ ရာဇဝတ်မှုတစ်ခုကို ကျူးလွန်ခဲ့ပါတယ်တရားခံဟာ ပေါင် ၁၀ ဒသမ ၄ သန်း တန်ကြေးရှိတဲ့ လက်ဝတ်ရတနာတွေကို ခိုးယူခဲ့ပြီး ဒီ ပစ္စည်း အများစုဟာ စိတ်ကူးယဉ်ဆန်ပြီး သူ့ရဲ့ ဒီဇိုင်းနဲ့ ထူးခြားမှုကြောင့် အလွယ်တကူ ခွဲခြားသိနိုင်ပါတယ်။ ရိပ်သာလမ်း၊ NW8 က ခိုးယူခံရတဲ့ ပစ္စည်းတွေနဲ့ ပတ်သက်လို့ သံသယဖြစ်စရာတွေ တွေ့ရင် သတင်းလာပေးကြပါလို့ တိုက်တွန်းချင်ပါတယ်”လို့ လန်ဒန်မြို့တော်ရဲဌာနက ရဲအရာရှိ Paulo Roberts က ပြောကြားခဲ့ပါတယ်။
ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ လက်ဝတ်ရတနာတွေကို ဖောက်ထွင်းခိုးယူတဲ့ တရားခံကို ဖမ်းဆီးနိုင်အောင် သတင်းပေးမယ်ဆိုရင် ပေါင် ၅ သိန်း (ဒေါ်လာ ၆၂၈၀၀၀) ဆုကြေးငွေအပြင် သိမ်းဆည်းရရှိတဲ့ ပစ္စည်းတန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်းကို ထပ်ဆောင်းဆုငွေ ချီးမြှင့်သွားမယ်လို့လည်း ကြေညာထားပါတယ်။
ပုံစာ။ ဒေါ်လာသန်းချီတန် ခိုးရာပါပစ္စည်းများပုံရိပ်
Ref, AP & Metropolitan Police