◾️ မြန်မာပရိသတ်များ အားပေးပါရန် ဇာလီမိုး တောင်းဆို
၁၁ . ၁. ၂၀၂၃
Written By Thandar
မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် ဇာလီမိုး ဝင်ရောက် ယှဥ်ပြိုင်နေတဲ့ Miss Universe 2023 ပြိုင်ပွဲကို ဇန်နဝါရီ ၁၂ ရက်မှာ ပရိသတ်တွေအားပေးဝန်းရံဖို့ တိုက်တွန်းထားပါတယ်။
၇၁ ကြိမ်မြောက် အမေရိကန်ပြည်ထောင်စု၊ လူဝီစီယာနားပြည်နယ်၊ နယူးအော်ရီလင်းမြို့မှာ Miss Universe အလှမယ်ပြိုင်ပွဲကြီးရဲ့ Preliminary ယှဉ်ပြိုင်မှုကို မနက်ဖြန် ဇန်နဝါရီ ၁၂ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၇ နာရီခွဲအချိန်နဲ့ National Costume ယှဉ်ပြိုင်မှုကိုတော့ နံနက် ၉ နာရီခွဲ တို့မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
“ဒီနေ့ဟာ မိုးတို့ Miss Universe ပြိုင်ပွဲကြီးရဲ့ အရေးကြီးတဲ့ထဲက တစ်ခုဖြစ်တဲ့ Closed Door Interview နေ့ပဲဖြစ်ပါတယ်။ မိုး ဒီနေ့နိုးလာတဲ့အချိန်ကတည်းက မြန်မာပြည်ကအပါအဝင် နိုင်ငံတကာက ပို့သတဲ့မေတ္တာတွေ၊ စာတွေကြောင့် အားအင်အပြည့်အဝရပြီး အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ ခွန်အားအပြည့်ရရှိစေပါတယ်။ အမြဲအားပေးလျှက်ရှိတဲ့ ချစ်ရတဲ့သူ အားလုံးကိုလည်း မိုး ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ မိုး ဘက်ကလည်း မိုး လုပ်နိုင်တာထက်ပိုပြီး ပိုလုပ်နိုင်ဖို့ အစွမ်းကုန်ကြိုးစားနေပါတယ်။ တစ်ခုခုအလွဲ အမှားလေးတွေ ရှိခဲ့ရင်လည်း ဒီကနေပဲကြိုပြီး တောင်းပန်ပါရစေရှင့်။ မိုးကို ချစ်တဲ့သူ၊ မိုးချစ်ရတဲ့သူတွေနဲ့အတူ မိုးအကောင်းဆုံး ကြိုးစားနေပါတယ်ဆိုတာ ကတိပြုရင်း”လို့ Miss Universe Myanmar 2022 အလှမယ် ဇာလီမိုးက ပြောပါတယ်။
ဒီပြိုင်ပွဲမှာတော့ နိုင်ငံပေါင်း ၈၄ နိုင်ငံက သူတို့နိုင်ငံတွေရဲ့ ကိုယ်စားပြုအလှမယ်တွေရဲ့ ယှဉ်ပြိုင်မှုတွေကို Miss Universe ရဲ့ Official YouTube Channel နဲ့ JKN 18 Facebook Page တို့ကနေ တိုက်ရိုက် Live ထုတ်လွှင့်ပြသသွားမှာလည်းဖြစ်ပါတယ်။
အဆိုပါ ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ အလှမယ် “ဇာလီမိုး” ရဲ့ ယှဉ်ပြိုင်မှုတွေကိုလည်း ပရိသတ်တွေက စောင့်မျှော်ကြည့်ရှုရင်း အားပေးဝန်းရံကြဖို့ တိုက်တွန်းထားပါတယ်။