၂. ၁. ၂၀၂၅
Translated by Thettant
မွန်တီနီဂရိုးနိုင်ငံက စီတင်ဂျီမြို့ငယ်လေးမှာ စားသောက်ဆိုင်တစ်ခုကို ဦးတည်ပြီး လူအစုလိုက်အပြုံလိုက်သေဆုံးအောင် ပစ်ခတ်ခံရမှုဖြစ်စဥ်မှာ အနည်းဆုံး လူ ၁၀ ဦး သေဆုံးကာ ၄ ဦးဒဏ်ရာရခဲ့တယ်လို့ သိရသလို သေနတ်သမားလို့ သံသယရှိတဲ့သူကလည်း မိမိကိုယ်ကိုယ် သတ်သေသွားခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဒါနီလို ဆာရာနိုဗစ်က ပြောခဲ့ပါတယ်။
ပစ်ခတ်မှုကျူးလွန်တယ်လို့ သံသယရှိသူ အလက်ဇန်းဒါး မာတီနိုဗစ်ဆိုသူ အသက် ၄၅ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးဟာ သူ့ကိုယ်သူ သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် ဆေးရုံကို ပို့ဆောင်ချိန် ရရှိထားတဲ့ ဒဏ်ရာတွေကြောင့် သေဆုံးသွားတယ်လို့လည်း အာဏာပိုင်တွေက ကြာသပတေးနေ့ မနက်အစောပိုင်းမှာ အတည်ပြုခဲ့ပါတယ်။
မာတီနိုဗစ်ဟာ မွန်တီနီဂရိုးနိုင်ငံရဲ့မြို့တော် ပေါ့ဒ်ဂိုရီကာ အနောက်ဘက် ၃၈ ကီလိုမီတာ (၂၃ ဒသမ ၆ မိုင်) အကွာမှာရှိတဲ့ စီတင်ဂျီမြို့က စားသောက်ဆိုင်တစ်ဆိုင်ကို နှစ်သစ်ကူးနေ့ဖြစ်တဲ့ ဗုဒ္ဓဟူးနေ့ညနေပိုင်း ၅ နာရီခွဲခန့်မှာ ပစ်ခတ်ပြီး ထွက်ပြေးသွားခဲ့တာပါ။ အဲဒီနောက် သူဟာ နေရာသုံးခုထက်မနည်း ထပ်မံပစ်ခတ်ခဲ့သလို လူ ၄ ဦးကို ထပ်သတ်ဖို့ ကြိုးပမ်းနေချိန် ရဲတပ်ဖွဲ့က ခြေရာခံနိုင်ခဲ့လို့ စီတင်ဂျင်းက တရားခံရဲ့နေအိမ်အနီးမှာပဲ သူ့ကို ရဲတပ်ဖွဲ့က လက်နက်ချဖို့ အမိန့်ပေးချိန် လွတ်မြောက်ဖို့ လမ်းစမဲ့သွားတဲ့ မာတီနိုဗစ်က ကိုယ့်ခေါင်းကိုယ်သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ မွန်တီနီဂရိုးနိုင်ငံရဲ့ရဲချုပ်လာဇာ ဆက်ပ်ပါနိုဗစ်က ပြောခဲ့တဲ့အပြင် “သူ့ကို ဆေးကုသရေးဌာနကို ပို့ဆောင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် အဲဒီအချိန်မှာ သူ့ဒဏ်ရာကြောင့် သေဆုံးသွားခဲ့ပါတယ်” လို့ ဆိုပါတယ်။
သံသယရှိသူ သေနတ်သမား သေဆုံးသွားကြောင်း အတည်ပြုတဲ့ ပို့စ်တစ်ခုကိုလည်း မွန်တီနီဂရိုးဝန်ကြီးချုပ် မီလော့ခ်ကို စပက်ဂျစ်က လူမှုကွန်ရက်မှာရေးသားခဲ့သလို “ဒီ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဟာ နိုင်ငံကို အမှောင်ကျသွားစေခဲ့ပါတယ်။ ဒီအသိတရားမဲ့တဲ့လုပ်ရပ်က ကျွန်တော်တို့ တစ်ယောက်ချင်းစီမှာ တိုင်းတာလို့မရနိုင်တဲ့ ဝမ်းနည်းမှုတွေနဲ့ ခါးသီးမှုတွေကို ဖြစ်စေခဲ့ပြီး နှစ်သိမ့်ပေးစရာစကားလုံးမရှိပါဘူး” လို့လည်း ပြောခဲ့ပါတယ်။ ဒါ့အပြင် တရားခံဟာ ပစ်ခတ်မှုမဖြစ်ခင်မှာ ခိုက်ရန်ဖြစ်ပွားခဲ့သလို အရက်ကိုလည်း အလွန်အကျွံသောက်ထားသူဖြစ်ကာ အိမ်ကိုပြန် လက်နက်ကြီးယူလာပြီးမှ ပစ်ခတ်ခဲ့တာလို့ ပြောခဲ့ပြီး လက်ရှိမှာတော့ အသေးစိတ်ဖြစ်စဥ်တွေ စိစစ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
ဒီဖြစ်စဥ်မှာ မာတီနိုဗစ်ဟာ သူပြဿနာဖြစ်ပွားတဲ့ စားသောက်ဆိုင်ပိုင်ရှင်ကို သတ်ဖြတ်ခဲ့တယ်လို့လည်း သိရသလို သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကလည်း သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တယ်လို့ ဆာရာနိုဗစ်က ဆက်လက်ပြောပါတယ်။
Ref & Photo Aljazeera၊ CNN၊ The Gurdian ၊ Reuters