၁၁. ၁. ၂၀၂၃
Written by Ye Kyaw
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၏ အောင်ဘာလေထီလက်မှတ်များ ဝယ်ယူလိုသည့် ထီရောင်းသူများအနေဖြင့် ဇန်နဝါရီ ၂၇ ရက် နောက်ဆုံးထား လျှောက်ထား၍ မတ်လ ၃ ရက်တွင် အာမခံငွေပေးသွင်းရမည်ဖြစ်ပြီး ပျက်ကွက်သည့်သူများအား ဝယ်ယူခွင့်ရရှိသူစာရင်းမှ ပယ်ဖျက်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၁ ရက်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနက ကြေညာထားသည်။
ကျပ် ၁၀၀၀ တန် အောင်ဘာလေထီလက်မှတ်စာအုပ်များကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၂၀၂၃ ခုနှစ် ဧပြီလမှ ၂၀၂၄ ခုနှစ် မတ်လအထိ)အတွက် လာမည့် ဧပြီလတွင် စတင်ရောင်းချပေးသွားမည်ဖြစ်သည်။
လျှောက်လွှာများကို သက်ဆိုင်ရာရုံးများသို့ ယခုဇန်နဝါရီလ ၁၆ ရက်မှ ၂၇ ရက်အတွင်း တင်သွင်းရမည်ဖြစ်ပြီး လစဥ်ဝယ်ယူခွင့်ရရှိထားသော ထီစာအုပ်အရေအတွက်အရ ထီလက်မှတ် (၁၁)စောင်ပါ ထီစာအုပ်တစ်အုပ်လျှင် အာမခံ (Deposit) ၂၀၀ ကျပ်နှုန်းဖြင့် သုံးလစာအတွက် ကျပ် ၆၀၀ ကို ကြိုတင်ပေးသွင်းရမည်ဖြစ်သည်။
ထီစာအုပ် ဝယ်ယူရောင်းချလိုသူများအနေဖြင့် တစ်လျှင် မိမိရောင်းချရမည့် ထီစာအုပ်အရေအတွက်အရ ဘဏ္ဍာနှစ်တစ်နှစ်လုံးအတွက် ထီစာအုပ်အရေအတွက်ကို ဖော်ပြလျက် မပျက်မကွက်ဝယ်ယူရမည်ဖြစ်သည်။
ဝယ်ယူခွင့်ရရှိသည့် ထီစာအုပ်အရေအတွက် အတည်ပြုရရှိပါက အာမခံငွေပေးသွင်းခြင်းကို ၂၀၂၃ ခုနှစ် မတ်လ ၃ ရက် နောက်ဆုံးထား၍ အပြီးဆောင်ရွက်ရမည်ဖြစ်သည်။ လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ပျက်ကွက်ပါက ထီစာအုပ်ဝယ်ယူခွင့်စာရင်းမှ ပယ်ဖျက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွက် အောင်ဘာလေသိန်းဆုဌာနခွဲ(ရန်ကုန်)၊ မန္တလေးမြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း နေထိုင်သူများအတွက် အောင်ဘာလေသိန်းဆုဌာနခွဲ(မန္တလေးရုံးခွဲ)၊ ပြည်ထောင်စုနယ်မြေအပါအဝင် မန္တလေးမြို့တော်စည်ပင်သာယာရေးနယ်နိမိတ်ပြင်ပနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အောင်ဘာလေထီလက်မှတ်စာအုပ်များ ဝယ်ယူလိုသူများအနေဖြင့် မိမိတို့ နေထိုင်ရာမြို့နယ်ရှိ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများတွင် လျှောက်ထားရမည်ဖြစ်သည်။