၁.၁.၂၀၂၅
Written By Thandar
သရုပ်ဆောင်ပိုင်းမှာ ပရိသတ်အားပေးမှု ရရှိထားတဲ့ အကယ်ဒမီ ခန့်စည်သူက နှစ်သစ်ဦးအလှူအနေနဲ့ သွား လာရခက်ခဲတဲ့ နယ်စပ်တောင်တန်းဒေသတွေ ရဟန်းသံဃာအရှင်သူမြတ်တွေအတွက် ဆွမ်းအလှူငွေ ကျပ်သိန်း ၁၀၀ လှူဒါန်းခဲ့တာဖြစ်ပါတယ်။
အဆိုပါ အလှူအခမ်းအနားကိုတော့ ယနေ့ ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ပုဗ္ဗသီရိမြို့နယ်မှာ သီတင်းသုံးနေတဲ့ ကလေးမြို့ ကံသာယာဓမ္မရိပ်သာမှာလှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
“ကျွန်တော့်အနေနဲ့ နှစ်ဦးအလှူကို ပုဗ္ဗသီရိမြို့နယ်မှာ သီတင်းသုံးနေသော ကလေးမြို့ ကံသာယာဓမ္မရိပ်သာမှာ သံဃာတော်အရှင်သူမြတ်တွေ ဆွမ်းတွေ အသုံးအဆောင်တွေ လှူဒါန်းဖြစ်ပါတယ်။ ဒီအချိန်မှာ သွားလာဖို့ ခက်ခဲတဲ့ နယ်စပ်နဲ့တောင်တန်းဒေသတွေက ရဟန်းသံဃာတော်အရှင်သူမြတ်တွေ ဆွမ်းအခက် အခဲမဖြစ်စေဖို့အတွက် အလှူတော်ငွေ ကျပ်သိန်း ၁၀၀ ကိုလည်း လှူဒါန်းခွင့်ရလို့ ပီတိဖြစ်ရပါတယ်” လို့ အကယ်ဒမီခန့်စည်သူက ပြောပါတယ်။
ဒီကံသာဓမ္မရိပ်သာကျောင်းတိုက် ပဓာန နာယက ဆရာတော်ကြီးနဲ့ ကျောင်းရှိသံဃာတော်တွေကို နေ့ဆွမ်းဆက်ကပ်ခြင်း၊ သင်္ကန်းတွေ၊ မွေ့ယာနဲ့ စောင်တွေ၊ အလှူငွေတွေ နေ့ဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းခြင်းဖြစ်ပါတယ်။ ဒါ့ပြင် သွားလာရန် ခက်ခဲသော နယ်စပ်နဲ့တောင်တန်းဒေသတွေမှာ သာသနာပြုနေကြတဲ့ ရဟန်းသံဃာတော် အရှင်သူမြတ်တွေ ဆွမ်းအခက်အခဲမဖြစ်စေဖို့အတွက် အလှူတော်ငွေ ကျပ် သိန်း ၁၀၀ တိတိကို ရေစက်သွန်းချ တရားတော် နာယူပြီး လှူဒါန်းခဲ့ပါတယ်လို့ ဆိုပါတယ်။
“ဒီလှူဒါန်းမှုအစုစုတို့အတွက် ခုနစ်ရက်သား၊ သမီးအပေါင်း သူတော်ကောင်းတို့အား ကုသိုလ် ဝေမျှပါ၏။သာဓု သာဓု သာဓု ခေါ်ဆိုနိုင်ကြပါစေ။ နှစ်သစ်မှစ၍ ကောင်းကျိုးချမ်းသာ လိုရာဆန္ဒများပြည့်ဝကြပါစေ”လို့ သူက ဆက်ပြောပါတယ်။