◾ မုဒိမ်း၊ လူသတ်၊ လုယက်မှုများနှင့် နာမည်ပျက်နေသော ပသုံးလုံးအဖွဲ့များ စွမ်းရည်နှင့် အရည်အချင်း အကန့်အသတ်ရှိဟုပါ ဝန်ခံ
၁. ၁. ၂၀၂၅
Written by Nay Moe
NUG ရဲ့ အားနည်းချက်တွေ အကျင့်စရိုက်ဆိုးတွေကြောင့် ပြည်သူလူထုနစ်နာမှုတွေကို နားလည်ပေးရမယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက နှစ်သစ်မိန့်ခွန်းမှာ တောင်းဆိုလိုက်သလို မုဒိမ်း၊ လူသတ်၊ လုယက်မှုတွေနဲ့ နာမည်ပျက်နေတဲ့ ပသုံးလုံးအဖွဲ့တွေဟာ စွမ်းရည်နဲ့ အရည်အချင်း အကန့်အသတ်ရှိတယ်လို့ပါ ဝန်ခံလာပါတယ်။
“လူထုတစ်ရပ်လုံးရဲ့တာဝန်ပေးချက်အရ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရက ကျရာအခန်းကဏ္ဍကနေ တော်လှန်ရေးတာဝန်တွေကို ထမ်းဆောင်ခဲ့ကြရတာဖြစ်ပါတယ်။ ဒီတော်လှန်ရေးတာဝန် အရပ်ရပ်ကို လိုအပ်ချက်အရ ကြိုးစားလုပ်ဆောင်ကြတဲ့အခါမှာ ကျွန်တော်တို့တစ်တွေရဲ့ ဦးဆောင်ဖို့ လိုအပ်ချက်တွေကြောင့် လည်းကောင်း၊ စနစ်နဲ့ အကျင့်ဆိုး စရိုက်ဆိုးတွေရဲ့ဘေးထွက်ဆိုးကျိုးကြောင့်လည်းကောင်း ပြည်သူလူထုအပေါ် ထိခိုက်နစ်နာခဲ့မှုတွေ တစ်စုံတစ်ရာ ရှိခဲ့တယ်ဆိုတာ တွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒီအားနည်းချက်တွေအပေါ် ကျွန်တော်တို့ တစ်ဖွဲ့လုံးက ချစ်တဲ့သူကို ဖော့ပြီး မုန်းတဲ့သူကို ဖိတဲ့သဘောထားမျိုးမရှိကြောင်း လေးနက်စွာတင်ပြချင်ပါတယ်”လို့ ဒူဝါလရှီးလက ဝန်ခံပါတယ်။
NUG ရဲ့ ဦးတင်ထွန်းနိုင်၊ ဦးလွင်ကိုလတ်၊ ဦးရည်မွန်၊ ဦးကျော်နီ စတဲ့ ဝန်ကြီးတွေဟာ ပြည်ပကို ခြေလွတ်လက်လွတ်ထွက်ပြေးပေမဲ့ မိသားစုလိုက် ပြည်ပမှာ အိမ်ကြီးအိမ်ကောင်းတွေငှားရမ်းနေထိုင်နိုင်ပြီး မိသားစုကလည်း ပညာဆက်သင်ကြသလို ကားနဲ့ဘားနဲ့ ဇိမ်ခံတာတွေက ပြည်သူ့အလှူငွေနဲ့သုံးတာလို့ ထောက်ပြကြပြီး ဒီလိုထောက်ပြမှုတွေနဲ့ ပတ်သက်တဲ့ ပြည်သူ့အလှူငွေသန်းရာချီ စာရင်းမရှင်းလင်းနိုင်တာလည်း ကြုံနေရတာပါ။ ဒါ့အပြင် အရက်သေစာသောက်စားတာ၊ မယားငယ်ထားတာ၊ လာဘ်ပေးလာဘ်ယူတာ စတာတွေကြောင့်လည်း လူထုကြားဝေဖန်မှုမြင့်တက်နေပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူ့အလှူငွေနဲ့ ပြည်ပမှာဇိမ်ခံနေတဲ့ NUG ဝန်ကြီးတွေ ပြည်တွင်းပြန်လာဖို့ ဒူဝါလရှီးလက ခေါ်ပေမဲ့လည်း ဘယ်သူမှပြန်မလာကြပါဘူး။ ဒါပေမဲ့ ဒူဝါလရှီးလကတော့ ဇွဲမလျှော့ဘဲ “မူကောင်းတွေနဲ့ လူကောင်းတွေ၊ လူမှန်နေရာမှန်ဖြစ်ရေးကိုလည်း ဆက်လက်အကောင်အထည်ဖော် လုပ်ဆောင်နေတာဖြစ်ပါတယ်”လို့ ဒီနေ့ ထပ်ပြောသလို”အားနည်းချက် ချွတ်ယွင်းချက်တွေရှိခဲ့ရင် လူထုတစ်ရပ်လုံးက သဘောထားကြီးစွာ နားလည်ပေးစေချင်ကြောင်းပြောချင်ပါတယ်” လို့လည်း ဒူဝါလရှီးလက ပြောပါတယ်။
ဒါ့အပြင် လက်အောက်ငယ်သားရဲ့ ကိုယ်ဝန်သည်ဇနီးအပေါ်ပါမချန် မုဒိမ်းကျင့်မှု၊ ပြန်မကြိုက်တဲ့အမျိုးသမီးကို ပစ်သတ်မှု၊ မုံရွာပသုံးလုံးတွေရဲ့ ဓားပြတိုက်လူသတ်မှု၊ ပသုံးလုံးတိုင်တဲ့ ကျောင်းဆရာမိသားစုလိုက်သတ်ဖြတ်ခံရမှုနဲ့ ပသုံးလုံးထိန်းချုပ်နယ်မြေတွေမှာ သူတို့နဲ့အဆင်မပြေသူတွေ သတ်ဖြတ်ခံရတာကို ဆန္ဒပြတာတောင် တရားခံမပေါ်မှု၊ သစ်ခိုးထုတ်မှု၊ ဆက်ကြေးကောက်မှု၊ လူသတ်ပြန်ပေးဆွဲမှုစတာတွေနဲ့ နာမည်ပျက်နေတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တွေဟာ စွမ်းရည်နဲ့ အရည်အချင်းတွေမှာ အကန့်အသတ်တွေရှိနေတာကို သိရှိနားလည်ပြီးဖြစ်တာကြောင့် ပသုံးလုံး ခိုင်မာအားကောင်းရေး အပါအဝင် အားနည်းချက်တွေကို ပြုပြင်ထိန်းသိမ်းတဲ့ လုပ်ငန်းစဉ်တွေ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။