◾️အာဆီယံအနေဖြင့် မြန်မာနိုင်ငံ့အရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်လိုနေပြီလော
၁၁. ၁. ၂၀၂၃
translated by Htwe Ko Tun
(အာဆီယံဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှားကို မြန်မာနိုင်ငံအား အာဆီယံမှ ဆိုင်းငံ့ရန်အကြံပြုသည့် အင်ဒိုနီးရှားမှ The Jakarta Post သတင်းစာ၏ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူခဲ့ဖူးသူ လက်ရှိ Senior Editor Endy Bayuni ရေးသားသည့် ”ASEAN needs to look beyond Myanmar’s Five Point Consensus” အတွေးအမြင်ဆောင်းပါးကို ဆီလျော်အောင် ကောက်နုတ်ပြန်ဆိုထားခြင်းဖြစ်ပါသည်)
ကောင်းသတင်းဖြင့် ဖြစ်စေ၊ မကောင်းသည့်သတင်းဖြင့်ဖြစ်စေ ထင်ရှားသည့်ဖြစ်ရပ်များ၌ အာဆီယံအနေဖြင့် မိမိဆောင်ရွက်ရန်လိုအပ်လာသည့်အချိန်တွင် လေးကန်ဖင့်နွှဲနေသည်ဟု ပြောဆိုခံရသည့်အခြေအနေမျိုးကားမဖြစ်သင့်ပေ။ အကန့်အသတ်အချိန်တစ်ခုအတွင်း ပြီးမြောက်အောင်ဆောင်ရွက်သင့်သည်ဟုယူဆမိသည်။
ထို့ကြောင့်လည်း အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)အနေဖြင့် မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ ဆောင်ရွက်ရန်ရှိသည်များကို အသင်းကြီးအနေဖြင့် ယခုအခါ ကြိုတင်မျှော်မှန်းပြင်ဆင်သင့်ပြီဖြစ်ပါသည်။ နိုင်ငံအတွင်းအကြမ်းဖက်မှုများအဆုံးသတ်ရေး နစက အစိုးရက မဆောင်ရွက်နိုင်ခြင်းက အာဆီယံအသင်းကြီး၏ ဂုဏ်သိက္ခာကိုထိခိုက်စေသည်။
၂၀၂၃ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အာဆီယံ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်လာပြီဖြစ်ရာ မြန်မာနိုင်ငံ နစက အစိုးရအနေဖြင့် ၂၀၂၁ ခုနှစ် ဧပြီလက ဂျာကာတာမြို့တွင် ပြုလုပ်ခဲ့သော အရေးပေါ်အစည်းအဝေး၌ လက်မှတ်ထိုးသဘောာတူခဲ့ကြသည့် အများဆန္ဒ သဘောတူညီချက်ငါးရပ်(5PC) ကို လိုက်နာရန်ဖိအားပေးသွားလိမ့်မည်သာဖြစ်သည်။
သို့သော် လပေါင်း ၂၀ ကြာသည့် ယခုအချိန်အထိ အဆိုပါ အများဆန္ဒ သဘောတူညီချက်ငါးရပ်က တိုးတက်မှုရလဒ်မရှိသေးပေ။ မြန်မာအစိုးရအနေဖြင့် 5PC ကို အကောင်အထည်ဖေါ်ရန် ရည်ရွယ်ချက်မရှိသေးဟုဆိုချင်သည်။
5PC က မြန်မာနိုင်ငံအရေးဖြေရှင်းရာတွင် ကောင်းမွန်သောသဘောတူညီချက်တစ်ရပ်ဟုလည်း ယုံကြည်ကြမည်ထင်သည်။ ၎င်း၏သဘောတူညီချက်ငါးရပ်တွင် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများအဆုံးသတ်ရေး၊ ပါတီအဖွဲ့အစည်းများအားလုံးဆွေးနွေးညှိနှိုင်းရေး၊ မြန်မာနိုင်ငံသို့ အာဆီယံမှ အထူးသံတမန်ခန့်ထားရေး၊ မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားသည့် အကူအညီများပေးရေးနှင့် အာဆီယံအထူးသံတမန်ကို မြန်မာနိုင်ငံသို့စေလွှတ်၍ ပါတီအဖွဲ့အစည်းများအားလုံးနှင့်တွေ့ဆုံစေရေးတို့ ပါဝင်ပေသည်။
အဆိုပါသဘောတူညီချက်က နှစ်ဘက်စလုံးမှလိုက်နာနိုင်ကာ အခြေအနေလည်း မကြာမီတိုးတက်ကောင်းမွန်စေလိမ့်မည်ဟု ယူဆမိသည်။ မြန်မာနိုင်ငံ၏ နစက အစိုးရအတွက်လည်း ဂုဏ်သရေရှိသော ထွက်ပေါက်တစ်ခုဖြစ်နိုင်ပြီး ၎င်း၏ပြဿနာများကို ဖြေရှင်းနိုင်မှုအစွမ်းအတွက် အာဆီယံ၏ ယုံကြည်ကိုးစားမှုလည်းရနိုင်ပေသည်။ သို့သော်လည်း အတွေးမှားအမြင်မှားကြ၍လားတော့မဆိုနိုင်ပေ။ အာဆီယံ၏ အများဆန္ဒ သဘောတူညီချက်ငါးရပ်က အခုအထိတော့ သက်ဝင်လှုပ်ရှားမှုမရှိသေးဟု ဆိုရမည်ဖြစ်သည်။ ထို့ကြောင့်လည်း အာဆီယံ(သို့မဟုတ်)အလှည့်ကျဥက္ကဋ္ဌအင်ဒိုနီးရှားအနေဖြင့် ၎င်းတာဝန်ယူစဉ်ကာလအတွင်း မြန်မာနိုင်ငံအရေးအတွက် အခြားနည်းလမ်းတစ်ခုကိုရွေးချယ်သင့်ပြီဖြစ်သည်။
လက်တွေ့ကျကျဆိုရလျှင် အာဆီယံအဖို့ မြန်မာနိုင်ငံအရေးအတွက် အခြားနည်းလမ်းများစွာရွေးချယ်ရန် မရှိဟုပင်ဆိုချင်သည်။ အကြောင်းက အာဆီယံအနေနှင့် အဖွဲ့ဝင်နိုင်ငံတစ်ခု၏ ပြည်တွင်းရေးဝင်ရောက်မစွက်ဖက်ရေးအခြေခံမူကိုလက်ကိုင်ထား၍လည်းဖြစ်သည်။ ထို့ထက်ပို၍ဆိုရမူ မြန်မာအစိုးရအနေဖြင့်လည်း နိုင်ငံ၏ပြည်တွင်းရေးအား အိမ်နီးချင်းနိုင်ငံများကပင် ဝင်ရောက်စွက်ဖက်မှုကိုလက်မခံ၍ဖြစ်သည်။
သို့ဆိုလျှင် အာဆီယံအနေဖြင့် မြန်မာ့အရေးအတွက် နောက်ထပ်ရွေးချယ်ရန်နည်းလမ်းမှာ မြန်မာ နစက အစိုးရနှင့်ဆွေးနွေးပွဲများ(သိုမဟုတ်)ညှိနှိုင်းမှုများဆက်လက်ပြုလုပ်ရန်မဟုတ်ဟု မြင်မိသည်။ အာဆီယံအဖွဲ့၏ ဥပဒေစည်းမျဉ်းများတွင် အဖွဲ့ဝင်နိုင်ငံတစ်ခုအားထုတ်ပယ်ရန် မပါရှိခဲ့ပါက အာဆီယံအနေဖြင့် မြန်မာနိုင်ငံအား အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ထားရေး ကြိုတင်ပြင်ဆင်သင့်ပေသည်။
လွန်ခဲ့သည့်နှစ်များအတွင်းကလည်း အာဆီယံက မြန်မာနိုင်ငံအား အာဆီယံအစည်းအဝေးများတွင် နိုင်ငံရေးအရကိုယ်စားပြုသော ကိုယ်စားလှယ်မတက်ရောက်စေရေး ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် အာဆီယံထိပ်သီးဆွေးနွေးပွဲများနှင့် နိုင်ငံခြားရေးဝန်ကြီးများ၏ ဆွေးနွေးပွဲများတွင် မြန်မာအစိုးရအနေဖြင့် တက်ရောက်ခွင့်မရခဲ့ပေ။ မြန်မာအစိုးရကို ဖိအားပေးရန် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး များစွာကောင်းလှသော ဆောင်ရွက်မှုကားမဟုတ်ပေ။
ယခုအခါတွင်မူ မြန်မာနိုင်ငံ၏ အဖွဲ့ဝင်အဖြစ်တည်ရှိမှုက အာဆီယံအတွက်အရေးကြီးအချက်ဖြစ်လာပြီဖြစ်သည်။ ဤသို့တည်ရှိမှုကြောင့် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများဖြစ်ပွားနေမှုက အာဆီယံအဖွဲ့ကြီး၏ဂုဏ်သိက္ခာကို ထိခိုက်လာနေသည်။ ထို့ကြောင့်လည်း အာဆီယံအနေဖြင့် မြန်မာနိုင်ငံအား အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ထားခြင်းဖြင့် အဖွဲ့ကြီးအနေဖြင့် မြန်မာအရေးထက် နှစ်နှစ်နီးပါးအာရုံမစိုက်နိုင်ဖြစ်ခဲ့ရသည့် အခြားသောအရေးကြီးလှသည့်ကိစ္စရပ်များကို ပြန်လည်အလေးထားနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် နောင် တည်ငြိမ်အေးချမ်းမှုပြန်လည်ရရှိသည့်အခါ အဖွဲ့ဝင်အဖြစ်ပြန်လည်လက်ခံမည်သာဖြစ်သည်။
မြန်မာ့အရေးကိစ္စမပါမှသာ အင်ဒိုနီးရှားအနေဖြင့် ဥက္ကဋ္ဌတာဝန်ယူစဉ်ကာလ၌ ကမ္ဘာ့စီးပွားရေးကျဆင်းမှု၊ ကိုဗစ်-၁၉ အလွန် ပုံမှန်အခြေအနေဖြစ်ကြစေရေး၊ အာဆီယံလူ့အဖွဲ့အစည်းတည်ဆောက်ရေးစီမံကိန်း၊ တောင်တရုတ်ပင်လယ်အရေး၊ ရုရှား-ယူကရိန်းစစ်ပွဲ၏သက်ရောက်မှု၊ တရုတ်-အမေရိကန် အားပြိုင်မှု နှင့် အင်ဒို-ပစိဖိတ်ဒေသအပေါ် အာဆီယံ၏အမြင် စသည့် အခြားအရေးကြီးသောကိစ္စများကို ကောင်းစွာဆောင်ရွက်နိုင်ပေမည်။ ထို့ပြင် တီမောလက်စတီနိုင်ငံအား အာဆီယံအဖွဲ့ဝင်အဖြစ် ဝင်ခွင့်ပြုရေးစဉ်းစားရန်လည်းအချိန်ကျပြီဖြစ်သည်။
ထို့ကြောင့်လည်း နိဂုံးအနေဖြင့်မူ အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားအနေဖြင့် အာဆီယံတွင် မြန်မာနိုင်ငံ၏ ပူးပေါင်းပါဝင်မှု ကံကြမ္မာကို အဆုံးအဖြတ်ပေးရန်အချိန်တန်လာပြီဟုသာ ဆိုရပေမည်။
Ref- Jakarta Post