၁. ၁. ၂၀၂၅
Written by Thettant
ပန်းဆိုးတန်းခုံးကျော်တံတားကို အရှိန်လွန်ယာဥ်တစ်စီးက ညသန်းခေါင်အချိန် ဝင်တိုက်မိတာကြောင့် လက်ရန်းပျက်စီးခဲ့သလို ယာဥ်လည်း ပက်လက်လန်တိမ်းမှောက်ခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်က ကျောက်တံတားမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ပန်းဆိုးတန်းခုံးကျော်တံတားပေါ် ဒီဇင်ဘာ ၃၁ ရက် ည ၁၂ နာရီဝန်းကျင်အချိန်က တိုယိုတာဟိုင်းလပ်စ်ဆာဖ်ယာဥ်တစ်စီးဟာ အထက်ပန်းဆိုးတန်းလမ်းဘက်ကနေ အောက်ပန်းဆိုးတန်းလမ်းဘက် တစ်ဦးတည်မောင်းနှင်လာချိန် ခုံးကျော်တံတားပေါ် အရှိန်များပြီး ကားပက်လက်လန်တိမ်းမှောက်ခဲ့တာပါ။
ဒီဖြစ်စဥ်ကြောင့် ဆာဖ် ယာဥ်မောင်းထိခိုက်မှုမရှိခဲ့ပေမဲ့ မော်တော်ယာဥ်နဲ့ တံတားလက်ရန်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပြီး လက်ရှိမှာတော့ တာဝန်ရှိသူတွေက ဥပဒေနဲ့အညီ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – လင်းလက်လူမှုကူညီရေးအသင်း