၁.၁.၂၀၂၅
Written by KL
အမြန်လမ်း မိုင်တိုင် ၁၁၇/၁အနီးတွင် ယနေ့(ဇန်နဝါရီလ ၁ ရက်) နံနက် ၃ နာရီခွဲခန့်က ယာဥ်မောင်းအိပ်ငိုက်ရာမှ ကျော်မိသားစု Express ဘုရားဖူးခရီးသည်တင်ယာဥ် တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ အမျိုးသမီးကြီးတစ်ဦး သေဆုံးခဲ့ပြီး ၃၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့သူများထံမှ သိရသည်။
ဘုရားဖူးခရီးသည် အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၃၃ ဦး၊ကလေး၂ ဦး၊ စုစုပေါင်း ၄၅ ဦး လိုက်ပါလာသော Express ဘုရားဖူးယာဥ်တစ်စီးမှာ ယာဥ်မောင်းအိပ်ငိုက်ရာမှ လမ်းဘေးတွင် ကာရံထားသော ဘယ်ရီယာတုံးများကို တိုက်မိပြီး တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း အမြန်လမ်းမီးသတ်စခန်းထံမှ သိရသည်။
ယာဥ်တိမ်းမှောက်မှုကြောင့် အသက် ၅၂ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးမှာ သေဆုံးခဲ့ပြီး အမျိုးသား ၁၀ ဦး၊အမျိုးသမီး ၂၁ ဦး၊ ကလေးငယ် ၁ ဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကာ လူနာများမှာ အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရသည်။
“ဘုရားဖူးခရီးသွားတွေက တောင်ဒဂုံနဲ့ သင်္ဃန်းကျွန်းက လူတွေများတယ်။ သေဆုံးတဲ့သူက တောင်ဒဂုံ ၁၀၅ ရပ်ကွက်ကပါ။ ဒဏ်ရာရသူအများစုကလည်း ၁၀၅ ရပ်ကွက်ကပါပဲ။ ဒဏ်ရာရသူတွေက ပေါက်ပြဲဒဏ်ရာတွေရကြတာ များပါတယ်”ဟု အမြန်လမ်းမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
ယာဥ်တိမ်းမှောက်မှုကြောင့် ယာဥ်၏ ခေါင်းပိုင်းမှာ ပိန်ချိုင့်ပြီး ရှေ့လေကာမှန်နှင့် ယာဥ်ကိုယ်ထည်တွင်လည်း ပျက်စီးမှုများရှိခဲ့သဖြင့် အသက် ၃၃ နှစ်အရွယ် ယာဥ်မောင်းအမျိုးသားကို ရာဇသတ်ကြီးပုဒ်မ ၃၀၄-က၊ ၃၃၈၊ ၃၃၇၊၂၇၉ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။