၁၁ . ၁. ၂၀၂၃
Written By Thandar
ရော့ခ်တေးသီချင်းတွေကြောင့် ပရိသတ်အားပေးမှုပိုရလာတဲ့ တေးသံရှင် ဖြိုးမြတ်အောင်ကတော့ မကြာခင်က “နှလုံးသားကို အလှဆင်ပါ” သီချင်းလေးထွက်ရှိခဲ့ရာမှ ာသူ့ရဲ့ အသံကလည်း မြန်မာသံစဥ်နဲ့ လိုက်တယ်လို့ ဒေါ်မာမာအေးက ချီးကျူးခဲ့တယ်လို့ဆိုပါတယ်။
ဂီတမောင်နှမတွေဖြစ်တဲ့ ဖြိုးမြတ်အောင်နဲ့ မေသက်ထားဆွေတို့ရဲ့ “နှလုံးသားကို အလှဆင်ပါ” သီချင်းလေးက လက်ရှိမှာ Million ချီပြီးတော့ ပရိသတ်အားပေးမှု ရရှိထားတာလည်း ဖြစ်ပါတယ်။
“တကယ့် မြန်မာသံဂန္တဝင်ဖြစ်တဲ့ အန်တီ ဒေါ်မာမာအေးက ချီးကျူးလို့ ပျော်တာပေါ့။ ကျွန်တော့် အမေက အရမ်းကြိုက်တာလေ။ အမေတို့ဆိုရင် အန်တီမာမာအေး သီချင်းတွေ အရမ်းဖွင့်တာ။ ကလေးဘဝထဲက ဒီသီချင်းတွေကို ကြိုက်ပါတယ်။ မြန်မာသံစဥ်ကို နားရေတော့ ဝတယ်။ မဆိုတတ်သေးပါဘူး။ ကျွန်တော်တို့ ဒီဘက် ဆိုနေကျ ပုံစံနဲ့ မြန်မာသံစဥ် နည်းနည်းကွာတော့လေ။ အသက်ရှုပုံလည်း ကွာတယ်လေ။ ခေတ်ပေါ် ဘက်ပဲ ဆိုတတ်တယ်”လို့ တေးသံရှင် ဖြိုးမြတ်အောင်က ပြောပါတယ်။
ဂီတမောင်နှမ နှစ်ယောက်က မဟာဗောဓိရိပ်ငြိမ်တောရ ဆရာတော်ရဲ့ တပည့်ဖြစ်တဲ့အတွက် နှစ်ယောက်ပေါင်းပြီး သီချင်းလေး လုပ်ဖြစ်ခဲ့သလို အချစ်သီချင်းဆိုရင် မင်္ဂလာဆောင်မှာပဲဆိုလို့ရမယ်။ အချစ်သီချင်းမဟုတ်တဲ့ ဓမ္မတေး ၊ မေတ္တာဖွဲ့တေးဆိုရင် ဘယ်နေရာဖြစ်ဖြစ် ဆိုလို့ရအောင် စီစဥ်ခဲ့တယ်လို့ သိရပါတယ်။
“ကျွန်တော်က ဆရာကန်တော့ပွဲမှာ ဆရာတော်တွေက သီချင်းတစ်ပုဒ်ဆိုဖို့ ပြောတယ်။ မြန်မာသံစဥ်တွေကို ရတော့ရတယ်။ အစအဆုံးတော့ မရဘူး။ ရပေမယ့် ပိုင်ပိုင်နိုင်နိုင် မရှိဘူး။ နှလုံးသားကို အလှဆင်ပါ သီချင်းဆို ဖို့ပြောတယ်။ ဘေးကနေ ညီမလေးက ထောက်ပေးတယ် ။ ကိုယ် မပိုင်နိုင်တဲ့ မြူးဇစ်ဖြစ်တော့ နည်းနည်းကြောက်တာပေါ့။ လိုင်းပေါ် ဒီသီချင်းလေးတက်လာတော့ တော်တော်များများက အားပေးတယ်။ ဆရာတော်တွေရဲ့ အကြံပေးမှုနဲ့ လုပ်ဖြစ်တာပါ”လို့ သူကဆက်ပြောပါတယ်။
မြန်မာသံစဥ် သီဆိုမှုအပိုင်းတွေနဲ့ ပတ်သက်ပြီးတော့ မေသက်ထားဆွေက အကောင်းဆုံးဖြစ်အောင် အကြံပေးခဲ့တယ်လို့ သိရပါတယ်။ ဖြိုးမြတ်အောင်နဲ့ မေသက်ထားဆွေတို့ နှစ်ယောက်ပေါင်းပြီးတော့ တေးသီချင်းသစ်တွေ ထွက်ရှိဖို့လည်း စီစဥ်နေတယ်လို့ သိရပါတယ်။