၁၁. ၁. ၂၀၂၃
Written by Nay Aung
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နှင့် မြန်မာနိုင်ငံ ချင်းပြည်နယ် ပလက်ဝမြို့တို့ကိုဆက်သွယ်ပေးထားသော စစ်တွေဆိပ်ကမ်းသည် ဖွံ့ဖြိုးတိုးတက်ကောင်းမွန်နေပြီး မကြာမီလုပ်ငန်းများ လုပ်ရန် အဆင့်သင့်ဖြစ်နေကြောင်း အိန္ဒိယပြည်ထောင်စုဝန်ကြီး ဆာဘာနန်ဒါ ဆိုနိုဝါလ်က ထုတ်ဖော်ပြောဆိုလိုက်သည်။
ကုလားတန်မြစ်ဝတွင်တည်ရှိနေသည့် စစ်တွေဆိပ်ကမ်းသည် အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်းပြည်နယ်များသို့ ကုန်းလမ်းမှသွားရောက်နိုင်မည့် အစားထိုးလမ်းကြောင်းတစ်ခု ဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း သိရသည်။
“စစ်တွေဆိပ်ကမ်း စီမံကိန်းဟာ ဖွံ့ဖြိုးတိုးတက်နေပြီး လုပ်ငန်းတွေလုပ်ကိုင်နိုင်ဖို့ အဆင့်သင့်အနေထားမှာရှိနေပါတယ်။ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက အဲဒီစီမံကိန်းကို စောင့်ကြည့်လုပ်ကိုင်နေပါတယ်။ ကျွန်တော်တို့ အိန္ဒိယအစိုးရဟာ စစ်တွေဆိပ်ကမ်းနဲ့ပတ်သက်တဲ့ အခြေခံဆောက်အဦတည်ဆောက်မှုတွေကို လုပ်ကိုင်ခဲ့တယ်။ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နဲ့ အခြားပြည်နယ်တွေဟာ စစ်တွေစီမံကိန်းကြောင့် ကြီးမားတဲ့အကျိုးကျေးဇူးများ ရရှိမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဘက်ခြမ်းမှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲအနည်းငယ်တော့ရှိနေတယ်” ဟု အိန္ဒိယ ပြည်ထောင်စုဝန်ကြီး ဆာဘာနန်ဒါ ဆိုနိုဝါလ်က ဆိုသည်။
မြန်မာနိုင်ငံ စစ်တွေဆိပ်ကမ်နှင့် လမ်းပိုင်းချိတ်ဆက်ရာတွင် အထောက်အကူဖြစ်စေရန် မြန်မာနယ်စပ်နှင့် ချိတ်ဆက်နိုင်မည့် အရှည် ၁၁၇ ကီလိုမီတာရှိ နှစ်လမ်းသွား အမြန်လမ်းကို မီဇိုရမ်ပြည်နယ် Lawngtlai မြို့အနီးတွင် ဖောက်လုပ်လျက်ရှိနေရာ ဖွံ့ဖြိုးတိုးတက်ကောင်းမွန်မှုများရှိနေကြောင်း သိရသည်။
စစ်တွေဆိပ်ကမ်းနှင့် ပလက်၀မြို့သို့ ချိတ်ဆက်နိုင်မည့် စီမံကိန်းကို ရေကြောင်းသယ်ယူပို့ဆောင်ရေး အသုံးပြုသွားလာနိုင်မည်ဖြစ်သလို ချင်းပြည်နယ် ပလက်ဝမြို့မှ အိန္ဒိယ -မြန်မာနယ်စပ်ဒေသအတွက် သယ်ယူပို့ဆောင်ရေးကို ကုန်လမ်းအသုံးပြု သွားလာနိုင်မည်ဖြစ်ကြောင်းသိရသည်။
ကုလားတန်မြစ်ရေ ဆောင်းရာသီကာလအတွင်း မြစ်ရေနည်းသွားချိန်တွင် အခက်ခဲများ စတင်ဖြစ်လာဖွယ်ရှိနေသော်လည်း စစ်တွေရေနက်ဆိပ်ကမ်းစီမံကိန်းကမူ လက်ရှိအချိန်တွင် ကုလားတန်မြစ်ကိုတစ်နှစ်ပတ်လုံး သွားလာနိုင်အောင် လုပ်ဆောင်ပေးထားကြောင်းသိရသည်။
ref ndtv