၃၁ .၁၂. ၂၀၂၄
Written by Hey Mar
နှစ်တစ်နှစ်ရဲ့ နောက်ဆုံးနေ့မို့ အလုပ်ကနေ နေ့တစ်ဝက်အနားပေးကာ ရန်ကုန်မြို့ သန်လျင်ကျောက်တန်းဘက်က ဘုရားစုံဖူးဖို့ လိုက်ပို့ပေးတဲ့ကား မတော်တဆမှုဖြစ်တာကြောင့် လူ လေးဦးထိခိုက်ဒဏ်ရာရကာ တစ်ဦးဒဏ်ရာပြင်းထန်ရရှိမှု ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ် သာကေတမြို့နယ် ရှုခင်းသာလမ်းမကြီးပေါ်မှာ ဒီနေ့ နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က သာကေတရှုခင်းသာလမ်းမကြီးပေါ် စားအုန်းဆီချက်တဲ့စက်ရုံကို ပစ္စည်းလာချတဲ့ ဆယ်ပေကန်တာယာဉ်က ကွေ့ကြောမှာ ရပ်နေစဉ် လားရာတူ ရှေ့ကားကိုကျော်တက်ဖို့ အပေါ်ကြောကိုတက်လာတဲ့ ဘွန်ဂိုယာဉ်က နောက်ကနေ အရှိန်နဲ့ဝင်တိုက်မိတာလို့ သိရပါတယ်။
အဆိုပါယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် ဘွန်ဂိုယာဉ်ပေါ်ပါ ရှေ့ခန်းကနေ ထိုင်လိုက်လာတဲ့ အမျိုးသမီးတစ်ဦး၊ ယာဉ်မောင်းအပါ အမျိုးသားသုံးဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တာလို့ သိရပါတယ်။
မြေပြင်အကူအညီ သွားရောက်ခဲ့တဲ့ ပေးဆပ်သူ လူမှုကူညီရေးအသင်း တာဝန်ရှိသူက”သူတို့က ခေါက်ဆွဲစက် အလုပ်သမားတွေ။ သူတို့သူဌေးက အလုပ်ကနေ စောပြီးပေးနားလိုက်ပြီး သန်လျင်ကျောက်တန်း ဘုရားတွေ လိုက်ပို့တာ။ အလုပ်သမားတွေက နောက်ခန်းမှာ အမျိုးသမီး၊ အမျိုးသား အရွယ်စုံ ၁၅ ဦးလောက်ပါတယ်။ ရှေ့ခန်းမှာက လေးဦးထိုင်လာတာမှာ အမျိုးသမီးက ဒဏ်ရာပြင်းတယ် စိုးရိမ်ရတဲ့ အနေအထားပါ။ နောက်ခန်းက လူတွေကတော့ အန္တရာယ်ကင်းတယ်” လို့ MT News ကို ပြောပါတယ်။
ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေကို သာကေတမြို့အခြေစိုက် လူမှုကူညီရေးအသင်းအဖွဲ့တွေက ပူးပေါင်းပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ကုသရေးဌာနဆီ အချိန်နဲ့တစ်ပြေးညီ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။