၃၁. ၁၂. ၂၀၂၄
Written by Nay Moe
ရခိုင်ပြည်နယ်က မြို့ ၁၄ မြို့ကို သိမ်းယူတိုက်ခိုက်တဲ့ AA ရဲ့ မြို့သိမ်းတိုက်ပွဲတွေကြောင့် ရခိုင်စစ်ရှောင် ၆ သိန်းကျော်ရှိနေပြီး ရုပ်ပိုင်းဆိုင်ရာပျက်စီးမှုနဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုဒဏ်ကို ရခိုင်ပြည်သူတွေ ခံစားနေရတယ်လို့ ULA/HDCO က ဆိုပါတယ်။
မြောက်ပိုင်းရခိုင် AA လက်နက်ကိုင်တွေဟာ ချင်းပြည်နယ်၊ ပလက်ဝမြို့မှာ ကျောင်းသူပါမချန် မုဒိမ်းကျင့်မှု၊ မူးယစ်ဆေးဖြန့်မှု၊ ပေါ်တာဆွဲမှု၊ အနိုင့်အထက်ပြုကျင့် နှိပ်စပ်မှုတွေကြောင့် ခူမီးအဖွဲ့အစည်း GKO က ရှုတ်ချနှင်ထုတ်ခဲ့သလို ရခိုင်မြို့သိမ်းတိုက်ပွဲတွေမှာလည်း ဘူးသီးတောင်နဲ့ မောင်တောမြို့က ဘင်္ဂါလီနေအိမ်များစွာမီးရှို့ဖျက်ဆီးပြီး ဘင်္ဂါလီသိန်းချီနှင်ထုတ်တာ၊ တောင်ကုတ်အပါအဝင် တောင်ပိုင်းရခိုင်တွေကို နှိပ်စက်သတ်ဖြတ်၊ လူသားတံတိုင်းအဖြစ် ဓားစာခံခေါ်ယူတာ၊ နေအိမ်ဖောက်ထွင်းမီးရှို့တာတွေ ကျူးလွန်ခဲ့သလို AA ကိုယ်တိုင်ကလည်း သူ့မြောက်ပိုင်းရခိုင်လက်နက်ကိုင်တွေက မြို့သိမ်းတိုက်ပွဲတွေမှာ ဖောက်ထွင်းခိုးယူမှုကျူးလွန်လို့ အရေးယူခဲ့ရတယ်လို့ စက်တင်ဘာ ၁၃ ရက်မှာ ဝန်ခံခဲ့ပါသေးတယ်။
ရခိုင်ပြည်နယ်အတွင်း ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်ကစ AA ရဲ့ မြို့သိမ်းတိုက်ပွဲတွေကြောင့် စစ်ရှောင်ပြည်သူ ၆ သိန်းကျော်ရှိလာခဲ့သလို ဒီစစ်ရှောင် ရခိုင်ပြည်သူတွေဟ ရုပ်ပိုင်းဆိုင်ရာ ပျက်စီးဆုံးရှုံးမှုအပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုပါ ရင်ဆိုင်ကြုံတွေ့နေရလို့ ULA/HDCO က စိတ်ကျန်းမာရေးနဲ့ စိတ်လူမှုဆက်ဆံရေးဆိုင်ရာ ပံ့ပိုးမှု ( Mental Health and Psychosocial Support) အစီအမံတွေကို လုပ်ဆောင်ရာမှာ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်ကနေ အောက်တိုဘာ ၃ ရက်အတွင်း ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်၊ မောင်တောမြို့နယ်တွေကကျေးရွာ ၄၆ ရွာက စစ်ရှောင်လူဦးရေ ကျား ၉၆၆ ဦး၊ မ ၂၃၇၉ ဦး၊ စုစုပေါင်း ၃၃၇၅ ဦး တို့ကို စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု၊ နှစ်သိမ့်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြသလို လက်ရှိမှာလည်း ဆက်လက်လုပ်ကိုင် ဆောင်ရွက်နေရတဲ့အပြင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ သိတတ်နားလည်တဲ့ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီက အခွင့်အလမ်းတွေ ဖန်တီးပေးတာ၊ ကူညီဖေးမပေးတာ၊ စိတ်လုံခြုံမှုဆိုင်ရာ အစီအမံများစွာ ချမှတ် လုပ်ဆောင်ပေးကြဖို့လည်း လိုအပ်နေတယ်လို့ ပြောပါတယ်။
AA ရဲ့ မြို့သိမ်းတိုက်ပွဲတွေကြောင့် ၂၀၂၅ ခုနှစ်အတွင်း ရခိုင်ဦးရေ နှစ်သန်းကျော်ဟာ အငတ်ဘေးကြုံတွေ့ရနိုင်တယ်လို့လည်း ကုလသမဂ္ဂရဲ့ ဖွံ့ဖြိုးရေးအစီအစဥ် UNDP ကလည်း ခန့်မှန်းထားပါတယ်။
Ref & Photo ULA/HDCO