၃၁. ၁၂. ၂၀၂၄
Translated by Thettant
ဆွစ်လေကြောင်းလိုင်းက လေယာဥ်တစ်စင်းဟာမီးခိုးငွေ့ကြောင့် အရေးပေါ်ဆင်းသက်စဥ်မှာ ဆေးရုံတင်ပို့ခဲ့ရတဲ့ လေယာဥ်အမှုထမ်းတစ်ဦး သေဆုံးရမှုဖြစ်ပွားခဲ့တယ်လို့ CNA က ဒီမနက်မှာ သတင်းဖော်ပြလာပါတယ်။
ခရီးသည် ၇၄ ဦးနဲ့ အမှုထမ်းငါးဦး လိုက်ပါလာတဲ့ A220-300 Air Bus ဂျက်လေယာဉ်ဟာ ဒီဇင်ဘာ ၂၃ ရက်က ဘူခါရက်စ်မြို့ကနေ ဇူးရစ်မြို့ဆီ ပျံသန်းလာချိန် အင်ဂျင်ပြဿနာဖြစ်ပွားပြီးနောက်မှာ သြစတြီးယားနိုင်ငံ ဂရက်ဇ်မြို့ကို ဆင်းသက်ခဲ့ရပြီး ဒီအင်ဂျင်ပြဿနာကြောင့် လေယာဉ်မှူးအခန်းနဲ့ လေယာဥ်အတွင်း မီးခိုးငွေ့ ပြည့်လျှံသွားခဲ့ပေမဲ့ လေယာဉ်က ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ပါတယ်။
လေယာဉ်အရေးပေါ်ဆင်းသက်ပြီးနောက် လေယာဉ်အမှုထမ်းအမျိုးသားတစ်ဦးကို ဂရက်ဇ်ဆေးရုံဆီ ရဟတ်ယာဉ်နဲ့ ပို့ဆောင်ခဲ့ရပြီး အထူးကြပ်မတ်ကုသဆောင်ဆီ ခေါ်ဆောင်သွားခဲ့ပေမဲ့ သူက မနေ့က တနင်္လာနေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။
ကွယ်လွန်သွားတဲ့ လေယာဥ်အမှုထမ်းရဲ့အမည်နဲ့ဖြစ်စဥ်အသေးစိတ်ကို Swiss လေကြောင်းလိုင်းက မထုတ်ပြန်သေးပေမဲ့ ကွယ်လွန်သွားတဲ့ လေယာဥ်အမှုထမ်းအတွက်တော့ အလေးအနက်ဝမ်းနည်းကြောင်းနဲ့ ဖြစ်စဥ်အသေးစိတ်ကို အစီရင်ခံသွားမယ်လို့ ပြောကြားခဲ့သလို Swiss လေကြောင်းလိုင်းရဲ့ အမှုဆောင်အရာရှိချုပ် Jens Fehlinger ကလည်း”ကျွန်တော်တို့ရဲ့ ချစ်လှစွာသော လုပ်ဖော်ကိုင်ဘက် သေဆုံးမှုအတွက် ကျွန်တော်တို့အားလုံး စိတ်မကောင်းဖြစ်ရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ဒီဖြစ်စဥ်ကြောင့် အခြားလေယာဉ်အမှုထမ်းအမျိုးသမီးတစ်ဦးကိုလည်း ဆေးရုံကို ပို့ဆောင်ခဲ့ရသလို ခရီးသည် ၁၂ ဦးကလည်း ဆေးကုသမှု ခံယူခဲ့ရပြီး ဒီအင်္ဂါနေ့မှ ဆေးရုံက အားလုံးဆင်းခွင့်ရခဲ့ပါတယ်။
ဒီဖြစ်စဥ်တွေအပေါ် Swiss လေကြောင်းလိုင်းရဲ့ COO ဖြစ်တဲ့ Oliver Buchhofer ကတော့ ခရီးသည်တွေနဲ့ လေယာဉ်အမှုထမ်းတွေကို ကူညီပေးခဲ့တဲ့ ဂရက်ဇ်မြို့က ဒေသဆိုင်ရာ အရေးပေါ်ကူညီကယ်ဆယ်မှုတွေအတွက် ကျေးဇူးတင်ရှိကြောင်းနဲ့ “ဒီနေ့ဟာ ကျွန်တော်တို့အားလုံးအတွက် ဝမ်းနည်းစရာအကောင်းဆုံးနေ့တစ်နေ့ပါ။ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဘက်နဲ့ ဆွစ်လေကြောင်းလိုင်းရဲ့ အဖွဲ့ဝင်တစ်ဦးကို ဆုံးရှုံးလိုက်ရတာက ကျွန်တော်တို့ကို တုန်လှုပ်ခြောက်ခြားစေခဲ့ပါတယ်” လို့ ပြောခဲ့သလို အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ဖြစ်စဥ်ဖြစ်ပွားရတဲ့ အကြောင်းအရင်းကို ရှာဖွေဖော်ထုတ်သွားမယ်လို့လည်း ဆက်လက်ပြောကြားခဲ့ပါတယ်။
Ref, CNA