၁၁. ၁. ၂၀၂၃
Written By Myo Khine
ကရင်ပြည်နယ် ၊ ကော့ကရိတ်- မြဝတီသွား တောနော်- ဆိပ်ဖူးတောင်ကြားတွင် အာရှလမ်းမကြီးပေါ် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သောကြောင့် လမ်းများပျက်စီးခဲ့ပြီး ခရီးသည်တင်ယာဉ်တစ်စီး၏ လေကာမှန်များပါ ထိခိုက်ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုဖြစ်စဥ်မှာ ဇန်နဝါရီ ၁၀ ရက် ညပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အာရှလမ်းပေါ်တွင် မောင်းနှင်လာသည့် ရွှေလရောင် ယာဉ်လိုင်းမှ ယာဉ်တစ်စီး၏ လေကာမှန် ၆ ချပ်ခန့် ပျက်စီးသွားကြောင်း အဆိုပါ ယာဉ်လိုင်းတာဝန်ရှိသူက MT News သို့ ပြောသည်။
အာရှလမ်းကို တိုက်ခိုက်ဖျက်ဆီးသည့် အဆိုပါဖြစ်စဥ်အား KNU နှင့် PDF များလုပ်ဆောင်ခဲ့ကြောင်း ခရီးသည်တင်ယာဥ်မှ ပစ္စည်းများလည်း လုယက်ခံခဲ့ရကြောင်း လူမှုကွန်ရက်တွင် ရေးသားမှုများရှိနေသည်။
“ပစ္စည်းတွေယူသွားတယ်ဆိုတာတော့မဟုတ်ပါဘူး။ လူတွေလည်းထိခိုက်မှုမရှိဘူး။ ဗုံးကွဲတော့ ကားမှန်တွေ ကွဲသွားတယ်။ ၆ ချပ် ကွဲသွားတယ်။ မနေ့က ည ၈ နာရီ ၄၅ မိနစ်လောက်က ဖြစ်တာ။ ကားကတော့ မောင်းလို့ ရပါတယ်”ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းက ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးပေါ် တောနော်ရေတံခွန်အနီးတွင် တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံခဲ့ရသောကြောင့် ယာဉ်များ ဖြတ်သန်းသွားလာ၍ မရဖြစ်ခဲ့သည့်အချိန်ကစ၍ ယင်းလမ်းကို ပိတ်ထားခဲ့ရကာ ယခုနှစ် ဇန်နဝါရီ ၄ ရက်ညနေပိုင်းမှသာ ပြန်လည်ဖွင့်နိုင်ခဲ့ခြင်း ဖြစ်သည်။